ကျနော် စာရေးမယ်ဆိုတော့ ကလောင်နာမည်
အများကြီး စဉ်းစားမိပါတယ်။ ကြိုက်နှစ်သက်တဲ့ နာမည်တွေ ရှိသလို ရွေးချယ်ပြီးသားကို မကြိုက်ပြန်တော့လည်း
အကြိမ်အခါခါပါ။ ကျနော့် နာမည် အရင်းက ဇော် ပါတယ်။ ကျနော့် အစ်ကိုတွေမှာလည်း ဇော် ဆိုတဲ့
အမည်နာမတွေ ပါကြတယ်။ ဒီတော့ ကျနော် ကလောင်နာမည် ရွေးမယ်ဆိုရင်လည်း ဇော် ဆိုတာ ပါဝင်ချင်ပါတယ်။
ပထမ ကျနော် ရွေးချယ်ထားတဲ့
ကလောင်နာမည်က ဇော် (မြေဝါမြေ) ပါ။ အဓိပ္ပါယ်က ကျနော် ဇော် ကြိုက်တယ်။ ကျနော်က အညာသားဆိုတော့
အညာမြေကို မြေဝါသားတွေလို့ ရှေးအခါက ခေါ်ဝေါ်ကြတယ်လို့ မှတ်သားဖူးတယ်။ ကျနော့်နာမည်၊
မွေးဖွားရာ အရပ်ဒေသတွေကို ကိုယ်စားပြုပြီးတော့ ဇော် (မြေဝါမြေ) ကို ရွေးချယ်ပြီးသားပါ။
ဒါပေမယ့် မကြိုက်ပြန်ပါဘူး။ နောက်ဆုံးတော့ လင်္ကာရည် ဇော် ဆိုတဲ့ အမည်ကို ရွေးချယ်လိုက်ပါတယ်။
စာရေးဆရာတစ်ယောက်အတွက် ကလောင်နာမည်ဟာ
အရမ်း အရေးကြီးမှန်း ကျနော် သိပါတယ်။ အဓိပ္ပါယ် ရှိသော ကလောင်နာမည်တစ်ခုကို ရွေးချယ်ဖို့လည်း
အကြိမ်ကြိမ် စဉ်းစားမိပါတယ်။ နောက်ဆုံးတော့ လင်္ကာရည်ဇော် ဆိုတာကိုပဲ ရွေးချယ်လိုက်ပါတယ်။
လက်ရှိအချိန်မှာ အမျိုးသားစာပေဆုကို
ရရှိဖူးသည်အထိ အောင်မြင်တဲ့ စာရေးဆရာ လင်္ကာရည်ကျော် ဆိုတာ စာဖတ်သူများ သိရှိမယ်လို့
ထင်ပါတယ်။ ကျနော်လည်း သူ စာအုပ် တော်တော်များများကို ဖတ်ဖူးပါတယ်။ ကြိုက်နှစ်သက်ပါတယ်။
ဆရာဝန်တစ်ဦးလည်း ဖြစ်တဲ့ ဆရာ့ကို လေးစားအားကျပါတယ်။
ကျနော် ရွေးချယ်ထားတဲ့ လင်္ကာရည်ဇော်
ဆိုတဲ့ အမည်ဟာ ဆရာရဲ့ လင်္ကရည်ကျော်ကို အတုခိုးပြီး ယူထားပါတယ်လို့ ဦးစွာ ပြောလိုပါတယ်။
နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ကလောင်ကို အတုခိုးပြီး နာမည်ကြီးဖို့ မဟုတ်ပါဘူး။ လင်္ကာရည်
ဆိုတဲ့ အမည်ကို အလွန် ကြိုက်နှစ်သက်တဲ့အပြင် ကျနော် အရင်က စဉ်းစားဖူးတဲ့ ဇော် နဲ့ တွဲဖက်လိုက်တော့
ကျနော် အရမ်း သဘောကျပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လင်္ကာရည်ဇော် ဆိုတဲ့ ကလောင်အမည်ကို
ရွေးချယ်လိုက်ပါတယ်။
ကလောင်အမည် ရွေးချယ်ဖြစ်ပုံကို
အရိုးသားဆုံး စတင် ဖွင့်ဟပြောကြားပြီး အားလုံးကို မိတ်ဆက်လိုက်ခြင်းပါတယ်။ ရိုးသားမှုဟာ
ကျနော် အမြတ်နိုးဆုံး ဂုဏ်ဒပ်တစ်ခုဖြစ်ပါတယ်။ စာဖတ်သူအပေါ်မှာ ကျနော် အမြဲတမ်း ရိုးသား
သွားပါ့မယ်ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment