အချစ်သည်
ပင်လယ်ဝ၌ သေဆုံး၏
အချစ်ဆိုတာ
ဘာလဲ။
အချစ်၏ အနက်အဓိပ္ပါယ်ကို မည်ကဲ့သို့ ဖွင့်ဆိုမလဲ။
အချစ်ကို နက်ရှိုင်းစွာ ခုံမင်ခဲ့ဖူးသူ တစ်ယောက်အနေဖြင့် အချစ်နှင့် ပတ်သတ်၍ မှတ်ချက်
တစ်စုံတစ်ရာတော့ ပေးသင့်သည် မဟုတ်လား။
အချစ်မရှိသော သူတစ်ယောက်သည် လောကတွင် မည်ကဲ့သို့
ရှင်သန်ရပ်တည်နေမလဲ။
ညို့ငင်ဆွဲအား စွမ်းအား ကြီးမားသော အချစ်၏ ကွန်ယက်ထဲမှ ရုန်းထွက်နိုင်ဖို့
ကျွန်မ အလူးအလဲကို ကြိုးစားခဲ့ရသည်။ တစ်ဖက်ဖက်ကို စွန့်ပစ်ပြီး အခြားတစ်ဖက်ကို ရွေးချယ်ရမယ့်
အခြေအနေများသည် အားလုံးအတွက် အလွန်တရာ ခက်ခဲစေပါသည်။ တစ်ချို့သော သူတွေရဲ့ ဆုံးဖြတ်ချက်တွေက
မှန်ကန်ပြီး သူတို့ကိုယ်တိုင် ကျေနပ်ခြင်း ရှိတတ်ကြပေမယ့် တစ်ချို့သော သူတွေအတွက် သူတို့ရဲ့
ရွေးချယ်မှုတွေက မှားယွင်းတတ်ပြီး ထိုအမှားတွေကြောင့် တမြေ့မြေ့ ပင်ပန်းကြီးစွာ ခံစားရလေ့
ရှိမည်ထင်ပါသည်။
အထူးသဖြင့် အချစ်နှင့် အခြားသော အရာတစ်ခု အားပြိုင်ပြုသော
ပြိုင်ပွဲမှာ တစ်ခြားသော သူတွေက ဘယ်ဖက်မှာ ရှိကြမှာလဲ။ အချစ်သည် စွမ်းအားအကြီးမားဆုံးသော
အရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ အချစ်ထက် စွမ်းအင်ကြီးမားသော အရာတွေလည်း ရှိကြသည်။
ကျွန်မ ဖြတ်သန်းခဲ့ရသော ဘဝ၏ လက်ရှိ အပိုင်းအခြားကာလအတွင်းမှာ
ယောကျာ်းနှစ်ယောက်ကို စစ်မှန်သော အချစ်ဖြင့် ဖြူစင်ရိုးသားစွာ ချစ်ခဲ့ဖူး၏။ အချစ်ဦးကို
နက်ရှိုင်းစွာ ချစ်ခဲ့မိသူ ကျွန်မသည် နောက်ထပ် ယောက်က်ျားတစ်ယောက်ကိုလည်း လေးနက်စွာ
ချစ်ခဲ့မိပါသည်။
ပုထုဇဉ် မိန်းမတစ်ယောက်ဖြစ်သည့် ကျွန်မသည်
အချစ်တွေ မွေးဖွားရှင်သန်ခဲ့သော်လည်း အချစ်ကို ကိုးကွယ်သူတစ်ယောက်တော့ ဘယ်တုန်းကမှ
မဖြစ်ခဲ့ဖူးပါဘူး။ အချစ်သည် ယစ်မူးတပ်မက် တွယ်တာဖွယ်ကောင်းမွန်သည့် အရာဖြစ်ပါသည်။ အချစ်၏
အရသာကို ကျွန်မ နှစ်သက်မြတ်နိုးမိသည် မှန်သော်လည်း ထိုအရသာကို မက်မောစွဲလန်းနေခြင်းတော့
မရှိပါဘူး။ အချစ်ရှိမှ ဘဝကို ရှင်သန်ဖြတ်သန်းနိုင်မယ့် လူတစ်ယောက်လည်း ကျွန်မ မဟုတ်ခဲ့ပါဘူး။
ဘဝဆိုတာ အချစ်တွေနဲ့ပဲ ဖန်းတီးရမှာ မဟုတ်ဘူးလေ။ အချစ်မရှိလည်း ကျွန်မရှင်သန်နိုင်ပါသည်။
တကယ်တော့ ကျွန်မရဲ့ ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတဲ့
အချစ်တွေဟာ ယနေ့မှ စတင်ပြီး ရပ်တန့်သွားခဲ့ပါပြီ။ ကျွန်မ၏အချစ်သည် မြစ်တစ်စင်းလိုပဲ
ပင်လယ်ဝ၌ သေဆုံးသွားပါပြီ။
……………………………………****************……………………..
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလများ၏ ရွေးလျားစီးဆင်းမှုဖြင့်
ပြောင်းလဲလျက်ရှိသော က်ျလောကကြီးဝယ် ကျွန်မသည် ကျွန်မ၏ ရပ်တည်မှု၊ မျှော်မှန်းချက်များအတွက်
ဘယ်သောအခါမှ ပြောင်းလဲ လွဲမှားခဲ့ခြင်း မရှိပါ။
ဖြစ်လျက်ရှိသော ကျွန်မ၏ လက်ရှိ ဖြစ်တည်မှု၊
ဖြစ်ခဲ့ပြီးသော အဖြစ်အပျက်များနှင့် နောင်အခါကာလတွင် ဖြစ်လာနိုင်ဖွယ်ရှိသော အခြေအနေများသည်
ကျွန်မ၏ ယုံကြည်ချက်၊ ကျွန်မ၏ သန္ဒိာန်တို့အား ပျက်ယွင်းပျောက်ပျက်သွားအောင် ရိုက်ခတ်နိုင်မည်
မဟုတ်ပါ။ သို့သော် ထိုအရာများအတွက် ပေးဆပ်ရခြင်း၊ စွန့်လွှတ်ရခြင်းများသည် ကျွန်မအား
ကျွန်မဆိုသော ရုပ်နှင့် နာမ်၏ ဖြစ်တည်မှုကို မာန်ဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်ခဲ့ကြပါသည်။
ကျွန်မ အလူးအလွန့် ခံစားခဲ့ရသည်။
ပင်လယ်ပြင်ဝယ် မုန်တိုင်းဒဏ်ဖြင့် ကြုံတွေ့ခဲ့ရသည့်
လှေငယ်ပမာ ဖြစ်ခဲ့ရသည်။ ကျွန်မ ကြောက်ရွံခဲ့ခြင်းတော့ အလျဉ်း မရှိခဲ့ပါ။
ကျွန်မ၏ ရှေ့ခရီးလမ်းသည် ဘယ်သောအခါမှ ဝိုးတဝါး
မှုန်ဝါးခြင်း ကင်းမဲ့ပြီး ပြတ်ပြတ်ထင်ထင် အစဉ် ရှိသည်။ ကျွန်မ၏ မျှော်မှန်းခရီးသည်
ပီပြင်မှု ဖြောင့်တန်းမှု ရှိခဲ့သော်လည်း ဖြတ်သန်းခဲ့သည့် အတိတ်၏ ပုံရိပ်အချို့သည်
ကျွန်မနှင့် အတူအကွ ယှဉ်တွဲလျက် ရှိနေဆဲပါ။ တစ်ချို့သော ပုံရိပ်များကို လမ်းခုလတ်တွင်လည်းကောင်း၊
ဖြစ်ခဲ့ပြီးပြီးချင်းတွင်လည်းကောင်း ပြတ်သားစွာ ချန်ထားရစ်ခဲ့ပေမယ့် တစ်ချို့သော ပုံရိပ်များက
ကျွန်မနှင့် အမြဲ အနီးကပ်တွင် ရှိနေပါသည်။ ယခုချိန်ထိတိုင် ရှိနေပါသည်။
ထိုပုံရိပ်တို့သည်
ကျွန်မအား အားအင်သစ်တွေ ပေးစွမ်းနိုင်ရှိသည်ကို ကျွန်မ အံ့အားသင့်ဖွယ် သိရှိခဲ့ရပြန်ပါသည်။
ထိုပုံရိပ်တို့ကြောင့် တစ်ခါတစ်ရံမှ ဖြစ်ပေါ်တတ်သည့် ကျွန်မ၏ စိတ်ညစ်ညမ်းမှုကို ပြေပျောက်စေတတ်ပြန်ပါသည်။
ပြန်လည်ခံစားမိသည့် အခါတိုင်းလည်း ကြည်နူးမိပြန်ပါသည်။
ထို ပုံရိပ်တွေဆိုတာ ဘာတွေများ ဖြစ်ကြမလဲ။
……………………….**************………………….
“ ဒီက ဒကာလေးကို ဒီကျောင်းနဲ့ ပတ်သတ်ပြီး သူ
သိချင်တာတွေ ပြောပြပေးလိုက်ပါ။”
ဆရာတော်ဘုရား၏ ပြောစကားများအပြီးမှာ ထို သူစိမ်းလူအား
ကျွန်မ စူးစမ်းသောအကြည့်ဖြင့် ဖျတ်ခနဲ ကြည့်မိလိုက်သည်။ ထို့နောက် ဖော်ရွေစွာ ပြုံးပြလိုက်သည်။
ဖြူဖွေးသော အသားအရေ၊ မြင့်မားတောင့်တင်းသော အရပ်၊ နှစ်လိုဖွယ်ရှိသော ထိုသူစိမ်း၏ မျက်နှာသွင်ပြင်သည်
မြန်မာလူမျိုးတစ်ယောက်၏ ရုပ်ရည်ဖြစ်သော်လည်း နိုင်ငံခြားသားတစ်ဦးလို ဖြစ်နေသည်။
“ကျနော်နာမည်
လင်းသော်ပါ၊ တွေ့ရတာ ဝမ်းသာပါတယ်”
“ဟုတ်ကဲ့၊
ကျမက မြခွာညိုပါ”
“ဒီကျောင်းအကြောင်းကို
ပြောမပြခင် ကျောင်းဝင်းအတွင်း ကျနော် သွားချင်ပါတယ်”
ကိုလင်းသော်၏
တောင်းဆိုမှုအတိုင်း ကျောင်းဝင်းအတွင်းအနှံ့ကို လိုက်လံပြသဖို့ အတူတကွ ဆရာတော်ဘုရား
ကျောင်းဆောင်မှ ဆင်းလာကြသည်။
ကျောင်းအားကစားကွင်းကို ဖြတ်ခဲ့ပြီး အဓိက ကျောင်းဆောင်မှ
တစ်ခုချင်းစီ လိုက်ပြပေးသည်။ အဆောင်ပေါင်း (၅) ခု ရှိသော ကျောင်းဝင်းအား နာရီလက်တံ
ပြောင်းပြန်အတိုင်း လှည့်လည်ပြသပြီး တစ်ခုချင်းစီ ပြောပြလိုက်သည်။
“ဒါက
ယောက်ျားလေးအဆောင်ပါ၊ ” အပေါ်ထပ်၊ အောက်ထပ်တွဲ ဤကျောင်းဆောင်ကြီးသည် ပထမဆုံး ဆောက်လုပ်ခဲ့သည့်
ကျောင်းဆောင်ဖြစ်သည်။ ကျောင်းဆောင်အတွင်းရှိ ကျောင်းသားများ၏ နေရာများမှာ စည်းကမ်းတကျဖြင့်
သပ်ရပ်နေသည်။ အချို့နေရာများတွင် အင်္ကျီအချို့၊ ပုဆိုး၊ဘောင်းဘီအချို့ တွဲလန်းဖြစ်နေတာက
လွဲရင်ပေါ့။
“ယောကျာ်းလေးတွေ
နေဖို့ဆိုတော့ အခန်းဖွဲ့မထားဘူးလေ၊ ဟိုဘက် မိန်းကလေးဆောင်မှာတော့ အခန်းတွေနဲ့ပါ။”
ယောကျာ်းလေးအဆောင်၏ ဘယ်ဘက်ခပ်ယွန်းယွန်းရှိ
မိန်းကလေးအဆောင်ကို လက်ညှိုးထိုးရင်း ညွှန်ပြလိုက်သည်။
ထို့နောက် အဆောင်တစ်ခုချင်းအား လိုက်ပြ၍ ဤကျောင်း၏ အကြောင်းအရာတစ်ချို့တို့ပါ
ပြောပြလိုက်သည်။ ကိုလင်းသော်ကဲ့သို့ စေတနာအလှူရှင်တွေ ရောက်လာတိုင်း ကျွန်မ သို့မဟုတ်
အခြားဆရာမ တစ်ယောက်ယောက်က ဤကျောင်းအကြောင်းကို ပြောပြရလေ့ရှိသည်။ ကျောင်းမှာ ယောက်ျားလေးအဆောင်တစ်ဆောင်၊
မိန်းကလေးအဆောင်တစ်ဆောင်၊ စာသင်ဆောင်တစ်ဆောင်၊ ခန်းမတစ်ခု၊ ဆရာမများနေသည့် အဆောင်များရှိပြီး
ဆရာမအဆောင် အောက်ထပ်တွင် ဆေးခန်းပါ ရှိသည်။
“အမှန်ပြောရင်
ကျနော်က ဒီလောက်အထိတောင် ပြည့်စုံမယ်လို့ ထင်မထားပါဘူး။ ကျောင်းဝင်းကလည်း ကျယ်တယ်၊
ကျောင်းဆောင်တွေလည်း များသားပဲ။”
“ကလေးတွေကလည်း
အများကြီးပဲလေ၊ ၄၀၅ ယောက်ရှိတယ်”
“လေးရာငါးယောက်”
သူ၏ မယုံကြည်ဟန် အံသြမှုကို မြင်ရတော့ ကျွန်မ
ပြုံးနေကျအတိုင်း ပြုံးမိပြန်သည်။ အလှူရှင်တွေ ရောက်လာတိုင်း ကလေးအရေအတွက်ကို သိကြလျင်
အားလုံးက အံ့သြကြစမြဲဖြစ်သည်။
ကိုလင်းသော်၏ လေးနက်သော အတွေး၊ ဆွေးမြေ့သွားသော
မျက်ဝန်းတို့ကို ထိုအချိန်ကတည်းက ကျွန်မ သတိထားမိသည်။ လူတိုင်းမှာ ခံစားချက်ဆိုတာ ရှိကြစမြဲ၊
သည်လို ကျောင်းဝင်းထဲကို ရောက်ရှိသူတိုင်း တစ်ခုခုကို ခံစားမိကြမည် ထင်ပါသည်။
“တစ်ရက်တည်းနဲ့တော့
ဒီကျောင်းရဲ့ အကြောင်း အားလုံးကို ကျနော် သိနိုင်မယ် မထင်ပါဘူး၊ နောက်ရက်တွေလည်း ရှိပါသေးတယ်”
“ဟုတ်ကဲ့၊
နောက်ရက်တွေမှာ တစ်ခြားဆရာမတွေကို မေးလို့ ရပါတယ်”
ကျွန်မ ပြောစကားကို ကြားလိုက်မည် မထင်ပါ။ သူ
အဝေးတစ်နေရာသို့ ငြိမ်သက်စွာ ငေးကြည့်နေသည်။ ဒါပေမယ့် ဘာတစ်ခုမှ သူ မြင်ရဟန် မရှိ။
သူ၏ မျက်ခုံးကို လက်ညှိုးလေးဖြင့် ဖြည်းလေးညင်သာစွာ ပွတ်သတ်လျက် ကျွန်မကို ကြည့်ပြီး
စကားတစ်ခွန်းကို ဖြည်းလေးစွာ ပြောသည်။
“ဒီမှာက
ဘဝတွေ အများကြီး ရှိတယ်နော်”
ထို့နောက် ကျွန်မရှေ့မှ ထွက်ခွာသွားလေသည်။
“ဘဝတွေ အများကြီး ရှိတယ်”။ ကိုလင်းသော်၏ စကားလုံးများကို ကျွန်မ တစ်လုံးချင်း ရေရွတ်မိသည်။
ဟုတ်သည်။ လူတစ်ယောက်ချင်းစီမှာ သူတို့ ကိုယ်ပိုင်ဘဝတွေ ရှိကြသည်။ ဒီကျောင်းမှာလည်း
လူတွေအများကြီးဆိုတော့ ဘဝတွေက အများကြီးပါပဲ။
ဆရာတော်ဘုရားကျောင်းပေါ်သို့ ကိုလင်းသော် တက်သွားသည်ကို
ကျွန်မ ငေးမောကြည့်နေမိသည်။ ဘဝ။ ကျွန်မ၏ ဘဝ။ လင်းသော်ဆိုသော လူတစ်ယောက်၏ ဘဝကရော။
ကျွန်မ ကျောင်းပေါ်အတက် အောက်သို့ ဆင်းလာသော
ကိုလင်းသော်နဲ့ လှေကားတွင် ဆုံမိသည်။ ကျွန်မ လှမ်းလျက်ရှိသော ခြေလှမ်းတို့အား ရပ်လိုက်ပြီး
အောက်သို့ တစ်ဖန် ပြန်ဆင်းလိုက်သည်။
“မြခွာညို၊
ကျနော် ပြန်ပါဦး၊ နောက်ရက်များမှာ ဆုံကြသေးတာပေါ့” ကိုလင်းသော်၏ နှုတ်ဆက်စကားကို ခွန်းတုံ့ပြန်ခြင်း
မရှိပဲ အပြုံးဖြင့်သာ နှုတ်ဆက်လိုက်သည်။ ကျွန်မလည်း ဆရာတော်ဘုရားကို ရှိခိုးပြီး ပြန်မှဖြစ်တော့မည်။
“ခွာညို၊
အစောတုန်းက ဒကာလေးက နိုင်ငံခြားက ခဏ ပြန်လာတဲ့သူ၊ ဒီမှာ ကျောင်းဆောင်သစ်တစ်ခု တိုးချဲ့ဆောက်လုပ်
လှူဒါန်းမလို့တဲ့၊”
ဆရာတော်ဘုရား စကားများ ကြားရမိမှ ထိုအလှူရှင် အကြောင်းကို သိရပြန်သည်။ ကျောင်းဆောင်တစ်ခုလုံးကို
တစ်ဦးတည်း ဆောက်လုပ်လှူဒါန်းမည့်သူ ဆိုပါလား။ ဤကျောင်းရှိ ကျောင်းဆောင်များမှာ တစ်ဦးတစ်ယောက်တည်း
လှူဒါန်းထားခြင်း မဟုတ်ပဲ အများစုပေါင်းလှူဒါန်းမှုများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ကိုလင်းသော်က တစ်ဦးတည်း လှူဒါန်းခြင်းမှာ ပထမဆုံးဖြစ်ပါမည်။
လင်းသော် ဆိုသော ထိုသူအား ကျွန်မ စိတ်ဝင်စားမိသည်။
ထိုနေ့ရက်မှ စတင်၍ လူတွေအကြောင်းကို စိတ်ဝင်စားလေ့ရှိသူ ကျွန်မ၏ အတွေးထဲသို့ လင်းသော်
ဟု ခေါ်တွင်သူတစ်ယောက် ဝင်ရောက်လာပြန်ပါသည်။
……………………….************************…………………………….
ကျွန်မကိုယ်ကို ကျွန်မ အံသြမိသည်။ ဘာကြောင့်များ
စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေမိတာလဲ။ တစ်ခါမှ ဒီလို မဖြစ်ခဲ့ဖူးပါဘူး။ ဒါတွေက ကျွန်မ
ပြုမူနေကျ အလုပ်တွေပဲ။ မြခွာညို ဘဝမှာ သည်လောက် သတ္တိမနည်းခဲ့ပါဘူး။ နောက်ပြီး တစ်ခြားသော
သူစိမ်းတရံတွေ ရှေ့မှာဖြစ်ဖြစ်၊ အခြားသော သူမအား ဘယ်လို ကြည့်နေသည်မျိုးပဲဖြစ်ဖြစ်
ဒါမျိုး မဖြစ်ခဲ့ဖူးပါဘူး။ အခုတော့ ကျွန်မ စိတ်ကျဉ်းကြပ်မိသည်။ ထူးဆန်းစွာ ရှက်နေမိသည်။
ယခုတစ်ကြိမ် ကလေးတွေကို စာသင်ပေးခြင်းသည်
ကျွန်မအတွက် အပင်ပန်းဆုံး၊ အချိန်အကြာဆုံး ဖြစ်သည်။ ကျွန်မ စာသင်လျက်ရှိသည့် ကျောင်းဆောင်ရှေ့တည့်တည့်၌ သူ ရှိနေပါသည်။ စာသင်ခန်းကို မမှိတ်မသုန် ကြည့်နေသည်။
လင်းသော်။ ထိုသူရှေ့တွင် ကျွန်မ ဘာကြောင့် ယခုကဲ့သို့ တည်ငြိမ်ခြင်းမရှိပဲ
ဖြစ်ပျက်နေရသလဲ။ ကျွန်မနှင့် မျက်နှာချင်းဆိုင်တွင် သူ ရှိနေသည်။ ထိုအခြေအနေ၊
ထိုမြင်ကွင်းကို ပါးနပ်စွာ ဖြေရှင်းနိုင်ဖို့ ကျွန်မ နေရာပြောင်းလိုက်ပြီး
ကျောပေးလိုက်သည်။ အို၊ မဖြစ်သေးပါဘူး။ သည်လိုဆို ပိုဆိုးမနေဘူးလား။ ကျွန်မ
ဒေါသဖြစ်မိပြန်သည်။ စာသင်ခုံများကြားမှာ ကျွန်မ ထပ်မံ ပြောင်းရွှေ့လိုက်သည်။
သူနဲ့လည်း မျက်နှာချင်းဆိုင် မဖြစ်တော့ဘူး၊ ကလေးများကြားမှာဆိုတော့ လုံခြုံသွားသည်။
ကလေးတွေက ကျွန်မကို ပျော်ရွင်နွေးထွေးမှုတွေကိုသာ ပေးခဲ့သည်ဟု ထင်ခဲ့ပေမယ့်
အခုတော့ မြခွာညိုဆိုသော ကျွန်မအတွက် လုံခြုံကာကွယ်မှုလည်း ရှိနေပါသည်။
အတန်းပြီးဖို့ အချိန်က အနည်းငယ်ပဲ ရှိတော့သည်။ သစ်ပင်ရိပ် ခုံတန်းပေါ်မှာ သူ
အခုချိန်ထိ ရှိနေတုန်း။ ကျွန်မကို ကြည့်နေဆဲ။ ထိုအခက်အခဲ၊ ထိုအဖြစ်ကို ကျွန်မ
ဖြေရှင်းဖို့ အတန်းကို ဆယ်မိနစ်စောပြီး အဆုံးသတ်လိုက်သည်။ ဒါ ကျွန်မ စာသင်ခဲ့တဲ့
တစ်လျှောက်မှာ ပထမဆုံး အချိန်မပြည့်ခင် အတန်းပြီးလိုက်ခြင်းဖြစ်သည်။
“ကိုလင်းသော် ဘယ်အချိန်တုန်းက ရောက်နေတာလဲ”
ကျွန်မ
ဟန်မပျက် က္ကနြေ္ဒရစွာနဲ့ပဲ မေးလိုက်သည်။
“အစောတုန်းကပါပဲ၊
မြခွာညို စာသင်နေတယ်ဆိုတာနဲ့ ဒီဘက် လိုက်လာတာ၊”
“ဟုတ်တယ်၊
ဒီနေ့ ကျမ စာသင်ချိန်ပါတဲ့နေ့လေ”
“အိုး၊
မြခွာညိုက ဒီကျောင်းမှာ စာအမြဲ သင်ပေးတာ မဟုတ်ဘူးလား”
“မဟုတ်ပါဘူး၊
အရင် စာသင်မယ့်သူတွေ နည်းတုန်းက ပုံမှန် သင်ဖြစ်ပါတယ်။ ကျမက ကျောင်းဆရာမလည်း မဟုတ်ဘူးလေ”
“ဒါဖြင့်
ခုနတုန်းက သင်နေတာတွေက”
“ကလေးအတွက်
ဗဟုသုတ ရစရာလေးတွေပါ၊ အော် ကိုလင်းသော်ကိုလည်း စာသင်ခိုင်းရဦးမယ်၊ နိုင်ငံခြားမှာ
နေတဲ့သူဆိုတော့ ပြောစရာတွေ အများကြီး ရှိမှာပဲ”
“မလုပ်ပါနဲ့ဗျာ၊
ကျနော်က လူတွေရှေ့မှာ စကားမပြောရဲဘူးဗျ၊”
“ကလေးတွေပါ”
“ကလေးတွေရှေ့မှာ
ပိုဆိုးတာပေါ့၊ သူတို့လေးတွေက ဖြူစင်ရိုးသားကြသူတွေလေ”
ကျွန်မ တစ်ခုခု ပြောရန် စဉ်းစားမိပေမယ့် ဘာပြောရမှန်း
မသိ ဖြစ်မိသည်။ ကျွန်မတို့ ငြိမ်သက်စွာနဲ့ပဲ စာသင်ခန်းထဲရှိ ကလေးများကို ကြည့်နေမိသည်။
ကျွန်မတို့ ဘယ်လောက်အချိန်ကြာလိုက်သည် မသိ၊ ကျွန်မတို့ အနားသို့ ပူစူးမလေး ရောက်လာမှန်းပင်
မသိ။ ပူစူးမလေးကို ခုံတန်းပေါ် မ တင်လိုက်ပြီး ကျွန်မတို့ နှစ်ယောက်ကြားတွင် ထားလိုက်သည်။
“သမီး၊
ဟောဒီက ဦးဦးက ဦးလင်းသော်တဲ့၊ သမီး မှတ်ထားနော်”
“ဟုတ်ကဲ့ရှင့်၊
ဆရာက အရမ်း ချောတာပဲ”
သဘောကျစွာဖြင့် ကိုလင်းသော် ပြုံးပြလိုက်သည်။
ပူစူးမလေးအား သူ၏ ရင်ခွင်ထဲသို့ ပွေ့ဖက်၍ ပါးပြင်းအား
နမ်းလိုက်သည်။ သူ၏ ကလေးချစ်ခင်တတ်မှုသည် ဟန်ဆောင်မှု မဟုတ်မှန်း သူ၏ မျက်ဝန်းများကို
ကြည့်ပြီး မှန်းဆနိုင်သည်။
“သမီး သနပ်ခါးက အရမ်းမွှေးတာပဲ၊ အရမ်းလည်း လှတာပဲ၊ ဘယ်သူ
လိမ်းပေးတာလဲ သမီး”
“သမီးဖာသာ သမီး လိမ်းတာပါရှင့်”
“အို၊ ဟုတ်လား၊ သမီးလေးက အရမ်း တော်တာပဲ၊”
ကျောင်းရှေ့ အားကစားကွင်းတွင်
ကလေးများ ဆော့ကစားလျက်ရှိသည်။ ကလေးငယ် တစ်ယောက်ချင်းစီ၏ အကြောင်းကို အကုန်စင် မပြောဖြစ်ပေမယ့်
ကိုလင်းသော်ကို ကျွန်မ ရင်ထဲမှာ မှတ်မှတ်ထင်ထင် ရှိသော ကလေးငယ်များ၏ ပုံရိပ်တစ်ချို့ကို
ပြောပြဖြစ်သည်။ ပူးစူးမလေးက ကျွန်မကို တစ်လှည့် ကိုလင်းသော်ကို တစ်လှည့် ချစ်စဖွယ်
ငေးမောကြည့်နေသည်။
“သမီးကို ခွင့်ပြုပါဦးရှင့်”
ကျောင်းအားကစားကွင်းတွင်
ဆော့ကစားနေသည့် ကလေးများဆီသို့ သွားနေသော ပူစူးမလေးအား အချိန်တော်တော်ကြာ ကြည့်မိသည်။
“အရမ်း ချစ်စရာကောင်းတယ်ဗျာ၊”
“ဟုတ်တယ်၊ ပူစူးမလေးက ချစ်ဖို့ကောင်းတယ်၊ စကားကို အမြဲ ယဉ်ယဉ်ကျေးကျေး
ပြောတယ်၊ ဧည့်သည့် အသစ်တွေလာတိုင်း သူက နှုတ်ဆက်လေ့ရှိတယ်၊ အရင်တစ်ခေါက်တုန်းက ကိုလင်းသော်ကို
မတွေ့လို့ ထင်တယ်”
“အော်၊”
ကျွန်မတို့ နှစ်ယောက်
တစ်ဖန် ငြိမ်သက်သွားပြန်သည်။ သူ ဘာတွေများ တွေးနေပါလိမ့်။ ကျောင်းကို ရောက်လာသော အလှူရှင်တွေဟာ
တစ်မျိုးတစ်ဘာသာစီပါပဲ။ ဒါပေမယ့် ကိုလင်းသော်သည် အခြားသူတွေထက် ကလေးတွေကို ပိုမို စိတ်ဝင်စားနေသလို
စကားတွေ ပြောရင်း တစ်ခါတစ်ရံ တိတ်ဆိတ်ငြိမ်သက်သွားလေ့ရှိသည်ကို ကျွန်မ သိထားမိသည်။
အချိန်ဘယ်လောက်ကြာသလဲ
မသိ၊ ကျွန်မတို့ နှစ်ယောက် အတွေးထဲမှာ ဘယ်လောက်နှစ်မြောနေမိသလဲ မသိ၊ ဖိုးဝလုံး အသံကြားမှ
အသိပြန်ဝင်လာသည်။
“ဆရာမ နေ့လည်စာ စားဖို့ ဘုန်းဘုန်းက ခေါ်ခိုင်းလို့ခင်ဗျ”
“အေး အေး၊ ဆရာမတို့ လာခဲ့မယ်နော်”
ကျွန်မနှင့် ကိုလင်းသော်တို့
တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဆုံမိသည်။ ထူးဆန်းစွာပင် ပြိုင်တူ ပြုံးမိကြပြန်ပါသည်။
“ကိုလင်းသော် ဟင်းတွေ မကြိုက်ဘူးလား ထည့်စားပါရှင်”
ကျွန်မ ထမင်းစားပြီးတော့မည့်အချိန်ထိ
ကိုလင်းသော် ဘာဟင်းမှ ထည့်မစား။ ဟင်းတွေ မကြိုက်တာတော့ မဖြစ်နိုင်။ အလှူရှင်တွေ ရောက်တဲ့နေ့ဖြစ်လို့
ဟင်းမျိုး စုံလင်လှသည်။ သူ ကျွန်မကို ပြန်ပြုံးပြနေသည်။ ကျွန်မကပင် အလိုက်သိစွာဖြင့်
ဟင်းများ ထည့်ပေးလိုက်တော့ အံ့သြသော မျက်ဝန်းများဖြင့် ကျွန်မကို ပြန်ကြည့်သည်။ ဟင်းမျိုးစုံကို
ထည့်ပေးတော့လည်း ငြင်းဆန်းခြင်းမရှိပဲ ဖြည်းဖြည်းချင်း စားသည်။
“ကိုလင်းသော် ကျွန်မ ကျောင်းရှေ့က ခရေပင်အောက်မှာ ရှိနေပါမယ်”
ပြောပြီး ကျွန်မ ထမင်းစားပွဲမှ ထလိုက်သည်။
ကိုလင်းသော် ထမင်းစားနေပုံကို
ကြည့်ရင်း ကျွန်မ တစ်စုံတစ်ယောက်သော သူကို သတိရမိသည်။ “ဟင်းတွေက များလိုက်တာကွာ၊ ကလေးတွေက
ဟင်းတစ်မျိုးတည်းနဲ့ စားနေရချိန်မှာ ကိုယ်တို့က ဒီလိုစားနေရတော့ စားရမှာ တစ်မျိုးကြီးပဲ”
ထိုတစ်ယောက်သောသူ ပြောစကားများကို ပြန်လည် ကြားရယောင်မိပြန်တော့ သူ့ကို သတိရမိပြန်သည်။
“မြခွာညို ဘယ်သူ့ကိုများ သတိရနေတာလဲ” ကိုလင်းသော် အသံကြားတော့
ကျွန်မ မလုံမလဲဖြစ်မိသည်။
ကျွန်မ၏ ပုံစံက အရမ်း
သိသာနေသလား။ “ဟင့်အင် မဟုတ်ပါဘူးရှင်” ဟု ကျွန်မ လိမ်လည်လိုက်သည်။ သည်လိုကိစ္စမျိုးက
အမှန်တိုင်း ပြောလို့မှ မဖြစ်တာ။
“ကိုလင်းသော် ထမင်းစားရတာ ကောင်းရဲ့လား၊ ကိုလင်းသော်ကြည့်ရတာ…”
“မဟုတ်ပါဘူး၊ ကောင်းပါတယ်ဗျာ၊ ကျနော် ဇီဇာကြောင်တယ်လို့ ထင်တာလား”
“အို အဲလို မဟုတ်ပါဘူးရှင်၊ ဟင်းတွေ ထည့်မစားတော့…”
“ကျနော် ငယ်ငယ်လေးက အကျင့်ဖြစ်နေလို့ပါ၊ ထမင်းစားရင် အဘွား ထည့်ပေးတဲ့
ဟင်းတွေကိုပဲ စားတဲ့ အကျင့်ဖြစ်လို့ပါ”
“အပြင်သွားရင်ရော၊ ခရီးသွားရင်ရော”
“ကျနော် ဘယ်တုန်းကမှ အပြင်မှာ ထမင်းမစားဖူးဘူးဗျ၊ အခု မြန်မာပြည်
ပြန်လာတာ ပထမဆုံး ခရီးထွက်ခြင်းပါပဲ၊ အဘွားလည်း ပါတယ်လေ”
“အော်” ကျွန်မနှုတ်မှ မရည်ရွယ်ပါပဲနဲ့ ထွက်လာသည်။
“ မြခွာညိုအတွက် ထူးဆန်းသလို ဖြစ်နေမှာပေါ့”
“ ဒီလိုလည်း မဟုတ်ပါဘူးရှင်”
ထိုစကားပြောပြီး ကျွန်မ
ဘာဆက်ပြောရမှန်း မသိ။ သူ့ဆီမှလည်း ဘာအသံမှ ထွက်မလာပေ။
ကြွေကြလာသည့် ခရေပွင့်လေးတစ်ပွင့်က
ကျွန်မတို့ နှစ်ယောက်၏ တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။
“ခရေပန်းက အရမ်းမွှေးတယ်နော်”
ခုံတန်းလေးပေါ်မှာ ကြွေကြနေသည့်
ခရေပွင့်လေးများကို ကောက်ယူပြီး တက်မက်စွာ သူ နမ်းရှိုက်လို့နေသည်။ ကိုလင်းသော်က ပန်းလေးတွေကို
ချစ်တတ်သူလေလား။
“ကျွန်မ ဒီနေ့ ကိုလင်းသော်ကို ဒီခရေပင်အကြောင်းကို ပြောပြရတော့မယ်ထင်တယ်”
“ဒီခရေပင်က ရာဇဝင်ရှိတယ်ပေါ့၊”
“ရှိတာပေါ့ ကိုလင်းသော် နားထောင်ချင်လား”
“နားထောင်ချင်ပါတယ် ဒီကျောင်းနဲ့ ပတ်သတ်တာ အကုန်းလုံး ကျနော်
သိချင်တယ်”
ကျွန်မ ထိုအကြောင်းကို
ပြောဖြစ်ဖို့ မရည်ရွယ်ခဲ့ပါ။ ဘာကြောင့် လွယ်လင့်တကူ ကိုလင်းသော်အား ပြောချင်စိတ် ဖြစ်လာသည်
မသိ။ ကျွန်မ ထိုခရေပင်အကြောင်းကို မပြောဖြစ်တာ ကြာပါပြီ။ သည်ခရေပင်အကြောင်းအား ကျောင်းနဲ့
အလွန်ရင်နှီးကျွမ်းဝင်သူတွေမှ သိကြသည်။ ကျွန်မ ခရေပင်ဇာတ်လမ်းကို တစ်ယောက်သောသူကိုပဲ
ပြောဖြစ်ခဲ့ဖူးသည်။ အခု ကိုလင်းသော်က ဒုတိယမြောက် ဖြစ်သည်။
……………………..*************************…………………………..
“လွန်ခဲ့တဲ့ နှစ်လေးဆယ်လောက်တုန်းက
ဒီကျောင်းနေရာက အခုလို မဟုတ်သေးဘူး။ ပထမဆရာတော် နေတဲ့ ကျောင်းကလည်း ဝါးထရံကျောင်းပဲ
ရှိသေးတယ်။ ဒါပေမယ့် ဆရာတော်က အဲဒီချိန်ကတည်းက ပရဟိတ စိတ် အပြည့် ရှိခဲ့တယ်။ အဲဒီအချိန်ကတည်းက
မိဘမဲ့ ကလေးတစ်ချို့ကို ပြုစုစောင့်ရှောက်ခဲ့တယ်။ အရင်ဆရာတော်ကြီးရဲ့ ဘွဲ့တော်က ဦးပညာစာရတဲ့။
မင်္ဂလာပရဟိတကျောင်းဆိုတဲ့ နာမည်ကိုလည်း ဆရာတော်ဘုရားကြီးကပဲ ပေးခဲ့တာလေ။ ကလေး ဆယ်ယောက်လောက်ရှိတဲ့အချိန်ပေါ့၊
အဲဒီကလေး ဆယ်ယောက်ထဲမှာ ဇင်ယော်ဆိုတဲ့ ကလေးတစ်ယောက် ရှိတယ်၊ သူက ခုနှစ်နှစ်သားအရွယ်ပေါ့။
ဇင်ယော်က အရမ်းလိမ္မာ ယဉ်ကျေးတယ်၊ လိမ္မာရေးခြား အပြည့် ရှိတယ်။ ပြောရရင် ဇင်ယော်က ယောက်ျားလေးဖြစ်ပေမယ့်
အရမ်းနူးညံ့တယ်၊ ဒီကျောင်းကို လာတဲ့လမ်းမှာ ရေကန်ကြီးတစ်ကန် ရှိတယ်၊ ကိုလင်းသော် သိမှာပေါ့”
“အင်း၊ သိတယ်၊ ဟိုတစ်နေ့က ကန်ကြီးကို ခဏ ကြည့်ဖြစ်မိသေးတယ်”
“အင်း အဲဒီကန်ကြီးဘေးမှာ ခရေပင်ကြီးတစ်ပင် ရှိခဲ့ဖူးတယ်၊ ဇင်ယော်က
ခရေပွင့်တွေ ပွင့်တဲ့အချိန်ဆို
ဒီကျောင်းလေးကနေ သွားပြီး ခရေပန်း ကောက်နေကျ၊ နေ့တိုင်း သွားတာ၊
အဲဒီအပင်ကြီးက ပထမဆုံးပွင့်တဲ့ ခရေပွင့်၊ နောက်ဆုံး ခရေပွင့်ကို ရတဲ့သူက ဇင်ယော်ပဲ၊
အဲဒီ ခရေပန်းတွေကို အမြဲ ဘုရားမှာ လှူတယ်၊ ဒီလိုနဲ့ နေ့တိုင်း နောက်ဆုံး နှစ်တိုင်းပါပဲ၊
ဇင်ယော်က ခရေပန်းလေးတွေကို ကောက်ပြီး ဘုရားကို လှူခဲ့တယ်၊ ဒီလိုနဲ့”
“ဇင်ယော်က ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတယ်ပေါ့”
စိတ်ဝင်စားစွာ နားထောင်နေသည့်
ကိုလင်းသော်က ဇာတ်လမ်းအကြောင်းကို ကြိုသိနေတာလား။ မဖြစ်နိုင်ပါဘူး။ ကျွန်မ သူ့ကို ပြုံးပြပြီး
ဇင်ယော် အချစ်ဇာတ်လမ်းကို ဆက်ပြောသည်။
“ဇင်ယော် ချစ်မိတဲ့သူက တစ်ခြားသူ မဟုတ်ပါဘူး၊ ပိုက်ဆံချမ်းသာပြီး
အသိုင်းအဝန်းကြီးတဲ့ မျိုးရိုးက ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော သမီးကိုပဲ၊ ဇင်ယော်ကို
ဆရာတော်က ကျောင်းထားပေးတယ်လေ၊ တစ်ခြားကလေးတွေ အသက်အရွယ်ရ ဒီကျောင်းကို စွန့်ခွာသွားကြသလို
ဆရာတော်ကလည်း သင့်တော်တဲ့ နေရာကို အပ်ပေးတယ်။ ဇင်ယော်ကိုတော့ သူပဲ စောင့်ရှောက်ပြီး
ဆယ်တန်းအထိ ထားပေးတယ်၊ ဇင်ယော် ချစ်တဲ့ ကောင်မလေးက သူနဲ့ အတန်းအတူတူပဲလေ၊ ကောင်မလေးကို
ချစ်မိတဲ့အချိန်က စပြီး ကောင်မလေးအတွက် ခရေပန်းတွေ ပိုကောက်တာပေါ့၊ ဇင်ယော်က ကျောင်းကို
စောစောသွားပြီး ကောင်မလေး နေရာမှာ အမြဲတမ်း ခရေပန်းကုံးလေး ထားတယ်။ နောက်ပိုင်းကျတော့
ကောင်မလေးလေးလည်း သိသွားတယ်”
“တစ်ရက်ကျတော့ ကောင်မလေးက သူလည်း ခရေပန်း ကောက်ချင်တယ်လို့ ဇင်ယော်ကို
ပြောတယ်၊ ခရေပန်းကောက်ဖို့က မနက်အစောကြီး ထမှ ဖြစ်မှာလေ၊ တစ်ခြားသူတွေ အရင်ဦးသွားရင်
သူတို့အတွက် ဘယ်ကျန်တော့မလဲ၊ ကောင်မလေးက သူ့ဆန္ဒပြည့်ဖို့ သူငယ်ချင်းတစ်ယောက်အိမ်မှာ
တစ်ရက် ည လိုက်အိပ်ပြီး မနက်ကျတော့ ဇင်ယော်နဲ့ ခရေပန်း အတူကောက်ကြတယ်၊ တစ်ပတ်မှာ တစ်ခါ
သူတို့နှစ်ယောက် ခရေပန်းအတူ ကောက်ကြတယ်၊ ဒီအကြောင်းကို ကောင်မလေး မိဘတွေက သိသွားတယ်၊
ပြဿနာက ကြီးသွားတယ်၊ ပတ်ဝန်းကျင်းကလည်း ဒီအကြောင်းကို သိတော့ ပိုဆိုးတာပေါ့၊ ကောင်မလေးကို
ကျောင်းပြောင်းဖို့အထိ ဖြစ်လာတယ်”
“ ကိုလင်းသော် စိတ်ဝင်စားရဲ့လား”
“စိတ်ဝင်စားပါတယ်၊ မြခွာညို ခဏနော်”
ဟု ပြောပြီး ကျွန်မဘေးမှ ရုတ်တရက်ထွက်သွားပြီး ကျောင်းပေါ်သို့
တက်သွားသည်။ ခဏအကြာ ပြေးဆင်းလာသည့် ကိုလင်းသော် လက်ထဲမှာ ရေဗူးတစ်ဘူး ပါလာသည်။
“ရော့ မြခွာညို မင်း မောနေမှာပေါ့”
ကိုလင်းသော် ဘာကြောင့်
ကျောင်းပေါ်တက်သွားရသလဲဆိုတာ အခုမှ သဘောပေါက်မိသည်။
“ကျေးဇူးပဲ ကိုလင်းသော်”
ထို့နောက် ဇင်ယော်ဇာတ်လမ်းကို
ကျွန်မ ဆက်ပြောပြသည်။
“ကောင်မလေးမိဘတွေက ကျောင်းပြောင်းဖို့ စီစဉ်ကြပေမယ့် စာမေးပွဲကလည်း
နီးတော့ အဆင်မပြေဘူး၊ ပြောရရင်တော့ ဇင်ယော် ကျောင်းမှာ မရှိဘူးဆိုရင် ရှေ့ဆက်ဖို့ မရှိဘူးလေ၊
ကောင်မလေးမိဘတွေက ပိုက်ဆံကလည်း ရှိတယ်၊ ကောင်မလေး ဖခင်က ကျောင်းကော်မတီအဖွဲ့မှာလည်း
ပါတယ်၊ ဇင်ယော်က ကောင်မလေးမိဘတွေနဲ့ တစ်ရက်တွေ့ပြီး ကောင်မလေးကို ကျောင်းမပြောင်းဖို့
တောင်းဆိုတယ်၊ ဒီလိုအချိန်မှ ကောင်မလေး ကျောင်းပြောင်းသွားရင် သူချစ်ရတဲ့ ကောင်မလေး
နစ်နာသွားမှာကို သူ မလိုလားဘူး။ ဒါကြောင့် သူ လုံးဝ မပတ်သတ်ပါဘူးဆိုတဲ့ ကတိကို ပေးလိုက်တယ်။
သူက ကျောင်းဆက်မတက်တော့ဘူး၊ စာမေးပွဲ ဖြေခွင့်တော့ ပေးပါဆိုပြီး ကျောင်းအုပ်ကြီးကို
ခွင့်တောင်းတယ်၊ ဒီလိုနဲ့ ဇင်ယော် ကျောင်းမတက်ဖြစ်တော့ဘူး၊ အပြင်ကပဲ စာကို လေ့လာရတော့တယ်၊”
“ဇင်ယော် ကျောင်းမတက်ရလို့ ကောင်မလေးနဲ့ မတွေ့ရတော့ဘူးဆိုပေမယ့်
စာမေးပွဲဖြေရတဲ့ ရက်တွေမှာတော့ မဖြစ်မနေ တွေ့မိကြတာပေါ့၊ စာမေးပွဲ ရက်တွေမှာ ဇင်ယော်က
ခရေပန်းခြောက်လေးတွေ အမြဲယူလာပြီး ကောင်မလေးကို ပေးတယ်၊ စာမေးပွဲ နောက်ဆုံးရက်မှာ ကောင်မလေးက
သူ့ကို လက်ဆောင်တစ်ခု ပြန်ပေးတယ်၊ ဘာဖြစ်မယ်လို့ ကိုလင်းသော် ထင်လဲ”
“ဗျာ၊ လက်ဆောင်၊ ကျနော် မခန့်မှန်းတတ်ဘူးဗျ”
“ကောင်မလေးပေးတဲ့ လက်ဆောင်က ဒီခရေပင်ပေါ့”
ကျွန်မတို့ နှစ်ယောက်သား
ခရေပင်ကို မော့ကြည့်မိကြသည်။ ခရေပန်းတစ်ချို့ကို မြင်ရသည်။
“ဒီခရေပင်က ဇင်ယော်ချစ်ရတဲ့ ကောင်မလေး လက်ဆောင်ပေးခဲ့တဲ့ အပင်ပေါ့၊
ဇင်ယော်က တယုတယနဲ့ အဲဒီ ခရေပင်ကို စိုက်ပျိုးခဲ့တာ၊ နေ့စဉ်မပြတ်ပါပဲ၊ ဆရာတော်ကျောင်းကလည်း
အလှူရှင်တွေ များလာသလို ကလေး အရေအတွက်ကလည်း နှစ်စဉ်များလာတယ်၊ ဒီခရေပင်ကို ဇင်ယော်က
နေ့ညမပြတ် ပြုစုနေတာ၊ အပင်လေး တစ်ခုခု ဖြစ်မှာ စိုးလို့ထင်တယ်၊ နောက်ဆုံး ဇင်ယော်ဟာ
ထမင်းစားချိန်မှာတောင် ဒီအပင်လေးနားမှာ စားတော့တယ်၊ ဆရာတော်က ဇင်ယော်နဲ့ ကလေးတွေကို
ခေါ်ပြီး ဒီခရေပင် မထိခိုက်ဖို့ အားလုံးက ကိုယ့်စိုက်ပျိုးထားတဲ့ အပင်လို့ သဘောထားပြီး
စောင့်ရှောက်ဖို့ မိန့်ကြားမှ ဇင်ယော်လည်း နည်းနည်း စိတ် လျှော့တော့တယ်”
“သူ့ကောင်မလေးနဲ့ အဆက်အသွယ် မရှိတော့ဘူးပေါ့”
“အဆက်အသွယ်က မရှိတော့သလောက်ပါပဲ၊ ကောင်မလေး မိသားစုက စားမေးပွဲ
ပြီးပြီးချင်း တစ်ခြားနေရာကို ပြောင်းရွှေ့သွားကြတယ်”
“အော်”
“ဒီလိုနဲ့ အချိန်တွေ ကုန်လာလိုက်တာ ခရေပင်က အပွင့်ပွင့်မယ့်ချိန်
ရောက်လာတယ်၊ ခရေပန်း ဘယ်အချိန်ပွင့်မလဲလို့ ဇင်ယောက်က နေ့ညမပြတ် စောင့်ကြည့်နေတာ၊ ဇင်ယော်က
သူ့အပင်လေး ခရေပန်းပွင့်တော့မယ်ဆိုတာ စိတ်အာရုံက သိနေတယ် ထင်ပါတယ်၊ တစ်ရက်တော့ ဇင်ယော်ဟာ
ညကတည်း ဒီအပင်လေးအောက်မှာ ရှိနေခဲ့တယ်၊ မနက်ချိန်ကျတော့ အပင်အောက် မတ်တတ်ရပ်ပြီး အပင်ကို
မမှိတ်မသုန် မော့ကြည့်နေတယ်၊ ခရေပွင့်လေးတစ်ပွင့် ကြွေကြလာတာကို သူ မြင်လိုက်ရတယ်၊
သူ ဘယ်လောက်ပျော်ရွှင်ရမလဲ၊ သူ စောင့်မျှော်ခဲ့ရတဲ့ အချိန်က ရောက်လာပြီ၊ အဲဒီ ပထမဆုံး
ကြွေကြလာတဲ့ ခရေပန်းလေးကို သူ မြေပေါ်မကျခင် ဖမ်းယူလိုက်တယ်၊ အဲဒီနေ့ တစ်နေ့လုံး ခရေပွင့်လေးကို
သူ ကြည့်နေခဲ့တာ”
ကျွန်မ ကိုယ့်ကိုကိုယ်
ထိန်းထားတဲ့ကြားက မျက်ရည်တစ်စ ပါးပြင်ပေါ် ကြွေကြလာသည်။ သည်ဇာတ်လမ်းကို ကျွန်မ မပြောဖြစ်တာ
ကြာပါပြီလေ။ တစ်ယောက်သောသူကို ပြောခဲ့တာ နောက်ဆုံးပေါ့။ အခု ကိုလင်းသော်ကို ပြောပြနေမိသည်။
“ပထမဆုံး ခရေပွင့် စပွင့်တဲ့နေ့မှာပဲ သူ့ဆီကို စာတစ်စောင် ရောက်လာတယ်၊
ကောင်မလေးဆီက စာပေါ့၊ ကောင်မလေးဆီက စာနဲ့အတူ ဖိတ်စာတစ်ခုလည်း ပါလာတယ်၊ ကောင်မလေးရဲ့
မင်္ဂလာဆောင် ဖိတ်စာပေါ့၊ ဇင်ယော် ဘယ်လောက်ခံစားရမလဲ၊ အဲဒီနေ့ ဇင်ယော်အဖြစ်ကို ကိုလင်းသော်
ခံစားရမယ်လို့ ကျွန်မ ထင်ပါတယ်”
“ဟုတ်တယ် မြခွာညို ဇင်ယော်နဲ့ ထပ်တူထပ်မျှပါပဲ၊”
“ဇင်ယော်အတွက် အဲဒီနေ့ မနက်ခင်းက ကမ္ဘာသစ်တစ်ခု မျှော်လင့်ချက်သစ်တစ်ခု
မွေးဖွားတယ်ဆိုရင်၊ ညနေခင်းက ကမ္ဘာပျက်တဲ့ နေ့ပါပဲ၊ ဇင်ယော် ဘယ်လောက်အထိ ထိခိုက်ကြေကွဲရသလဲဆိုရင်
သူ အနှစ်နှစ်အလလ စိုက်ပျိုးခဲ့တဲ့ ဒီ ခရေပင်ကို ခုတ်လှဲပစ်ဖို့အထိပါပဲ၊ ဆရာတော်ဘုရားက
တားမြစ်ခဲ့ရတယ် ပထမဆုံးပွင့်တဲ့ ခရေပန်းတွေကို ဘုရားမှာလှူဒါန်းတယ်။ မင်္ဂလာဖိတ်စာကို
ဒီခရေပင်အောက် မြေမြှပ်ပစ်လိုက်တယ်၊ ထူးဆန်းတာက ဒီခရေပင်က ခရေပွင့်တွေ စ ပွင့်တဲ့ ညမှာပဲ
ဇင်ယော် ကလေးဘဝ ခရေပွင့် သွားကောက်တဲ့ ရေကန်ကြီးဘေးက ခရေပင်ကြီး လဲပြိုကျသွားတာပါပဲ”
ကျွန်မနှင့် ဘေးချင်းယှဉ်လျက်
ထိုင်နေသူ ကိုလင်းသော်သည် မတ်တက် ထရပ်လိုက်ပြီး ခရေပင်ကို ငေးမောကြည့်နေသည်။
“ကိုလင်းသော်”
ကျွန်မကို သူ ပြန်လှည့်ကြည့်နေပုံက
တကယ့် စွဲမက်ဖွယ်ကောင်းသည်။ သူလည်း တစ်ခုခုကို ခံစားနေရပုံပင်။ သူ မေးခွန်းတစ်ခု မေးလိမ့်မည်ဟု
ကျွန်မ မျှော်လင့်မထားပါ။
“ဇင်ယော် အခု ဘယ်ရောက်နေလဲ ခွာညို ”
သူ၏ မေးခွန်းကို ကျွန်မ
မအံ့သြပါဘူးလေ။ တစ်စုံတစ်ယောက်သောသူကို ကျွန်မ သည်ခရေပင် ဇာတ်လမ်းအကြောင်း ပြောပြစဉ်အခါတုန်းကလည်း
ဇင်ယော် ဘယ်ရောက်သွားလဲဆိုတာကို မေးမြန်းခဲ့ဖူးပါသည်။ ခရေပင်ကို သူ ငေးမြဲငေးနေဆဲဖြစ်သည်။
ထို့နောက် ကျွန်မနဲ့ ပိုမို နီးကပ်စွာ ထိုင်ချလိုက်သည်။
“ဇင်ယော်က ဘယ်သူဖြစ်မလဲ”
သူ၏ မေးခွန်းကို ကျွန်မ တုံ့ပြန်ခြင်း မရှိပဲ ရီဝေငေးမောစွာဖြင့်
သူ့ကို ကြည့်မိသည်။
“ဇင်ယော် ဘယ်ရောက်သွားလဲ၊ ကျွန်မ မသိဘူး၊ ကိုလင်းသော်”
ကျွန်မဆီက သူ မျှော်လင့်ထားသည့်
အဖြေကို မသိရှိရတော့ သူ၏ အံသြပုံရိပ်ကို မြင်တွေ့ရသည်။ သို့သော် သူ ဘာတစ်ခွန်းမှ မပြောပါပဲနဲ့
ကျောင်းပေါ်သို့ တက်သွားသည်။ အမှန်တကယ်ဆို ဇာတ်လမ်း အဆုံးကို ပြောပြသူကိုယ်တိုင် သိရှိထားသင့်သည်
မဟုတ်လား။
ထိုဇာတ်လမ်းကို ကျွန်မ
နားထောင်ခဲ့ရစဉ်ကလည်း ဇင်ယော် ဘယ်ရောက်သွားလဲ၊ ဇင်ယော်ချစ်ရတဲ့ ကောင်မလေးကရော ဘယ်ဆီကို
ရောက်နေမလဲ၊ ပြန်လည်ဆုံတွေ့ပြီး ကမ္ဘာကြီး၏ တစ်နေရာရာမှာ သူတို့နှစ်ယောက် ပျော်ရွှင်စွာ
ပေါင်းဖက်နေထိုင်ကြမလား၊ မွေးကြိုင်သော ခရေပန်းတွေ လှိုင်လှိုင် ပွင့်လေ့ရှိပြီး ကျောင်း၏
ဂုဏ်ယူဖွယ်ရာ ကျောင်းရှေ့၌ ကျက်သရေတင့်တယ်စွာဖြင့် တည်ရှိနေသည့်
ခရေပင်၏ ဇာတ်လမ်းအဆုံးကို ကျွန်မ လှပစေချင်ပါသည်။
ကျွန်မ ခရေပင်အကြောင်းကို နောက်ထပ် ဘယ်သူ့ကိုမှ မပြောပြဖို့ ဆုံးဖြတ်လိုက်မိသည်။
ချစ်သူကောင်မလေး လက်ဆောင်ပေးခဲ့သည့်
ခရေပင်လေးက အခုတော့ ပန်းပွင့်တွေ လှိုင်လှိုင်ပွင့်သော ခရေပင်ကြီးတစ်ပင် ဖြစ်နေပါပြီ။
မင်္ဂလာပရဟိတကျောင်းလည်း ဟိုအရင်တုန်းကလို မဟုတ်တော့။ ပြောင်းလဲ့ခဲ့ပါပြီ။ ကလေးငယ်တွေ
များပြားလာခဲ့သလို အလှူရှင်တွေလည်း မပြတ်ရှိသောကြောင့် ကျောင်း၏ ရှေ့ရေးက အားတက်စရာပင်
ဖြစ်သည်။ ခရေပင်က ပွင့်ဖူးလာတဲ့ ခရေပန်းလေးတွေဟာ အမြဲမွှေးကြိုင်ဖို့ ဘုန်းဘုန်း ဦးစန္ဒီမာ၏
ဦးဆောင်မှုဖြင့် ကြိုးပမ်းနိုင်ခဲ့ကြသည်။
လေအဝှေ့မှာ ကြွေကြလာသည့်
ခရေပွင့် တစ်ချို့ကို ကောက်ယူပြီး ကျွန်မ အိတ်ထဲ ထည့်လိုက်သည်။ ကျွန်မ ခရေပွင့်လေးတွေကို
မြတ်နိုးစွာ သိမ်းဆည်းထားတတ်သော အကျင့်ရှိတာ ကြာပြီ။ နောက်ထပ် ကြွေကြလာမယ့် ခရေပွင့်ကို
မျှော်ရင်း အပေါ်ကို ကျွန်မ မော့ကြည့်နေပါသည်။
ဟော ပြောရင်း ဆိုရင်း
ကျွန်မ ရင်ခွင်ဆီ ခရေပွင့် တစ်ပွင့် ကြွေကြလာပါရောလား။
အပိုင်း (၂) အား ဆက်လက် ဖော်ပြပါမည်ခင်ဗျာ....
No comments:
Post a Comment