Friday, December 18, 2015

မျှော်လင့်ချက်ဖြင့် ရှင်သန်ခြင်း



             မျှော်လင့်ချက်ဖြင့် ရှင်သန်ခြင်း


   မိမိဖြစ်ချင်သော မိမိ ဆန္ဒရှိသော
            အရာရာများကို လုပ်ပိုင်ခွင့် ရရှိခွင့်
   မရှိကြသည့်အခါ
            ထိုသူများ၏စိတ်သည် အခြားအရာတစ်ခုသို့
            အာရုံပြောင်းသွားကြသည်။
            ထိုအရာသည် သူတို့ကို
            လွတ်လပ်စေသည် ပျော်ရွင်စေသည်
            သူတို့သည် ထိုအရာကို     
            ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ 
            သို့မဟုတ်
            အမှားအမှန်ကို သိသည်သော်လည်း
            ထိုအရာ၌ နစ်မျောပျော်ဝင်နေကြသည်။
            ထိုအရာသည် သူတို့ကို
            ဆွဲငင်သိမ်းသွင်းခြင်းမရှိ သူတို့သာလျင်
            ထိုအရာကို
            နှစ်သက်မြတ်နိုးတက်မက်နေကြ၏


ကောင်းကင်၌ တိမ်တိုက်များ မျောလွင့်နေကြသည်။ လေနှင်ရာသို့သာ ခေါ်ဆောင်ရာသို့သာ
ရွေ့လျားရကြသည်။ လူငယ်လေးများသည်လည်း တိမ်တိုက်များဖြစ်ကြသည်။





 အခန်း ( 1 )

နေရောင်ခြည်သည် တဖြည်းဖြည်း ပူပြင်းလာသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းမှ ဆူညံခြင်း ငြိမ်သက် နေရာမှ လှုပ်ရှား သက်ဝင်လာသည်။
 “ ဝုန်း… ဝုန်း… ဝုန်း…”

လှေကားမှ တက်လာသော ခြေသံများကြောင့် အခန်းရှေ့တွင် သတင်းစာဖတ်နေသော ကိုဦးပင်လန့်သွားသည်။ လူငယ်လေး သုံးယောက်သည် စကားများကို ဆူညံစွာပြောရင်း တဝုန်းဝုန်းဖြင့် တက်လာကြသည်။ နောက်ပြီး ကိုဦးတို့ အခန်းနှင့်ကပ်လျက်ရှိသော အခန်းသို့ ဝင်သွားကြသည်။ သူတို့ဝင်သွားသော အခန်းသည် ပြီးခဲ့သောတစ်ပတ်ခန့်မှ မိသားစုတစ်စု ပြောင်းသွားသောကြောင့် အခန်းလွတ် ဖြစ်နေသည်။ ဘယ်လိုလူငယ်လေးများပါလိမ့် ဆိုသော အတွေးဖြင့် ကိုဦးသည် စူးစမ်းလိုသော စိတ်ဖြင့် တစ်ချက် စောင့်ငဲ့ ကြည့်မိသည်။ အခန်းငှါးသူများ ထင်သည်။

ထိုလူငယ်လေးများသည် နယ်မှလာသောသူများ မဖြစ်နိုင်ပေ။ မည်သည့် ပစ္စည်းများမှ ပါမလာကြသည်။ တစ်ခုရှိသည်မှာ အခန်းကို လာကြည့်သည်လည်း မဖြစ်နိုင်ပါ။ အခန်းလာကြည့်လည်း တိုက်ပိုင်ရှင် ဦးမြငွေ ပါလာမည်။ ကိုဦးသည် သတင်းစာကိုကြည့်နေပေမယ့် သူ့စိတ်သည် ထို လူငယ်လေးသုံးယောက်ဆီသာရှိနေသည်။ ကိုဦးတွေးနေစဉ်မှာ လူငယ်တစ်ယောက်သည် တံခါးဖွင့်ပြိး ပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့်လုပ်ပြီး အခန်းတံခါးကို ပိတ်လိုက်သည်။ ကိုဦးကို မြင်နိုင်သော်လည်း သတင်းစားဖတ်နေသည်ဟု ထိုလူငယ် ထင်နေလိမ့်မည်။ လူငယ်လေး သုံးယောက်သည် ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် အသက်အရွယ် မတိမ်းမယိမ်း ရှိနိုင်ပြီး ခပ်ဆိုးဆိုး တေတေပေပေလေးတွေ ဖြစ်နိုင်သည်။ သူတို့ကို မြင်ရချင်းချင်း က်ျကဲ့သို့ ကိုဦး မှတ်ချက်ချမိသည်။

လူတွေကို သိပ်စိတ်ဝင်စားခြင်း မရှိပဲ အေးအေးဆေးဆေး နေထိုင်တတ်သော ကိုဦးသည် သည်လူငယ်လေးများကိုမှ စိတ်ဝင်တစား စောင့်ကြည့် နေမိသည်။ အလုပ်သွားရန်ရှိသောကြောင့် အာရုံများကို ဖြတ်ကာ အခန်းထဲဝင် ရေချိုးလိုက်သည်။ အလုပ်သွားရန် ပြင်ဆင်ပြီးသည်နှင့် အခန်းတံခါးကို သော့ခတ်နေစဉ် စောစောက လူငယ်လေးသုံးယောက်သည် သူတို့အခန်းကို သော့ခတ်ခြင်း မရှိပဲ သူရှေ့မှ တဝုန်းဝုန်းနှင့် ဆင်းသွားကြသည်။ ဘယ်လိုလူငယ်လေးတွေ နေပါလိမ့်။
  “ ကိုဦး ”
ကိုဦး အောက်ကိုရောက်တော့ တိုက်ပိုင်ရှင် ဦးမြက သူ့ကို လှမ်းခေါ်သည်။ 
“ အချိန်ရသေးတယ်မဟုတ်လား ”    
“ ဟုတ်ကဲ့ ရပါတယ် ”
“ မင်းစောစောက ကောင်လေးသုံးယောက်ကို တွေ့လိုက်တယ်မဟုတ်လား ”
ကိုဦး ဘာမှ ပြန်မပြောပဲ ခေါင်းညိတ်ပြလိုက်သည်။
“ မင်းတို့ဘေးက ကပ်လျက်ခန်းကို သူတို့ကို ငှါးလိုက်ပြီ ကောင်လေးတွေကို ကြည့်ရတာ နယ်ကတော့ ဟုတ်ပုံမရဘူး နောက်ပြီး အခန်းခကိုလည်း တစ်ခါတည်း ပေးတယ်။ ဦးလည်း အခန်းက လောလောဆယ် ငှါးမယ့်သူ မရှိတာနဲ့ ငှါးလိုက်တာ ခပ်ဆိုးဆိုးလေးတွေ ထင်တယ် ကြည့်ပေါင်းကြပေါ့ကွာ”

ကိုဦး ဘာမှ ပြန်မပြောပဲ နားထောင်နေသည်။ ဦးမြကတော့ သူပြောချင်တာပြောပြီး ကျေနပ်သွားပုံရသည်။ ဦးမြတို့ အခြေအနေကိုလည်း ကိုဦး သိပါသည်။ တိုက်ခန်းကိုလည်း ကာလရှည် အလွတ်ထားရ်ျ မရသော အခြေအနေဖြစ်သည်။ ခဏကြာတော့ ကိုဥိးလည်း အလုပ်ချိန် နောက်ကျမည်စိုးသည်နှင့် ထွက်လာ လိုက်သည်။ သည်လိုမလုပ်လည်း ဦးမြ စကားက ဖြတ်ရတော့ မည်မဟုတ်ပေ။

ကိုဦး ဒီတိုက်ခန်းနေခဲ့သည်မှာ နှစ်နှစ်ခန့်ရှိပြီ။ ဦးမြတို့ မိသားစုနှင့်လည်း မိသားစုပမာ ဖြစ်သည်။သူ ရုန်းကန်ခဲ့ရသော အချိန်တုန်းက သူ့ကို သားတစ်ယောက်လို လိုအပ်သော အရာများကို ကူညီသည်။ ဦးမြတို့ ကျေးဇူး သည် သူအပေါ် အများကြီး ရှိသည်။

ရုံးကို ရောက်သည်အထိ ကားပေါ်မှာ သည်ကောင်လေးသုံးယောက်အကြောင်းကို ကိုဦး စဉ်းစားတွေးမိနေသည်။ သည်ကောင်လေးသုံးယောက်သည် သူနှင့်အတူနေသူ အာကာ အရွယ်လေးတွေ ဖြစ်ကြပြီး အလွန်ဆုံးရှိမှ ဆယ့်ကိုးနှစ်ဆယ်လောက်ပဲ ရှိကြဦးမည်။ သူတို့၏ ပုံစံနေထိုင်မှု့သည် နယ်က လာသူတွေ မဖြစ်နိုင်။ ရန်ကုန်က ဆိုလည်း ဘာကြောင့်များ တိုက်ခန်းငှားနေကြသလဲ။ ကိုဦး အနေဖြင့် တစ်ခုစိုးရိမ်သည်မှာ အာကာ သည် သည်ကောင်လေးတွေနှင့် ပေါင်းမိသွားမှာစိုးသည်။ အာကာသည် ဖော်ရွေတတ်သလို အပေါင်းအသင်းကို ခင်တွယ်တတ်သည်။ သူ့နှင့် ခင်မင် အတူနေသည်ကလည်း အာကာ က လာပြီး စတင် မိတ်ဖွဲ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ အစောပိုင်းကာလများမှာ ကိုဦး တစ်ယောက်တည်း နေထိုင်ပေမယ့် ညီရင်းတစ်ယောက်ပမာ ခင်မင်ရင်းနှီးသည် နောက်ပြီး လိမ္မာပြီး ကြိုးစားသော အာကာ ကို သူနှင့်အတူ နေစေခဲ့ခြင်းဖြစ်သည်။ သည်ကောင်လေးတွေနှင့် ပေါင်းမိပြီး အာကာတစ်ယောက် သူရဲ့ရည်မှန်းချက်တွေ သွေဖယ်ပျက်စီးသွားမှာကိုလည်း ကိုဦး စိုးရိမ်မိသည်။

ကိုဦး လမ်းတစ်လျှောက်လုံး ရှည်လျားစွာ စဉ်းစားတွေးနေမိသည်မှာ ရုံးရောက်သည်အထိ ဖြစ်သည်။
                                    -------------------------************--------------------

အာကာ တစ်ယောက်တည်း ရှိသည်နှင့် အခန်းရှေ့ ဝရံတာမှာ သီချင်းရေး ဂီတာတီးနေမိသည်။ ကိုဦး လည်း ရုံးမှအလုပ်ကိစ္စကြောင့် ချက်ချင်း ကောက်ကာငင်ကာ နယ်သွားရသည်။ အရင်ကဆို တစ်ရက် နှစ်ရက်သာ ကြာပေမယ့် သည်တစ်ခါတော့ အနည်းဆုံးတစ်ပတ်ခန့်ကြာမည်လို့ပြောသွားသည်။ ကိုဦး မရှိလည်း တစ်ယောက်တည်း နေခဲ့ရလို့ ဘာမှ မဖြစ်ခဲ့ပေမယ့် သည်တစ်ခါနေရမှာသည်မှာ အာကာ အနည်းငယ် စိုးရိမ်နေမိသည်။ ဂစ်တာတီး သီချင်းများရေးစပ် သီဆိုရင်း လွတ်လပ်စွာ နေထိုင်ချင်ပေမယ့် မိမိတို့အခန်းဘေးကပ်လျက်မှာ မျက်နှာစိမ်းလူတွေ လာနေကြပြီ။ မိသားစုလည်းမဟုတ် မိမိနှင့်ရွယ်တူ ကောင်လေးသုံးယောက်ဖြစ်သည်။နောက်ပြီး သူတို့ ပုံစံများကလည်း လမ်းသရဲပုံစံမျိုးလေးတွေ။ ကိုဦး ကတော့ မသွားခင် သည်ကောင်လေးတွေ အကြောင်း သူရိမ်မိသလောက် ပြောပြီး သူတို့နှင့် မပတ်သတ်ရန် မှာသွားသည်။ ကိုဦး သတိမပေးလည်း သူအနေဖြင့် ရောနှောဆက်ဆံရန် စိတ်ကူးပင် မရှိချေ။ အာကာ အကဲခတ် မြင်မိသလောက်တော့ သူတို့သုံးယောက်သည် အခန်းငှါးနေသည်ဆိုလည်း သည်အခန်းမှာ ညမအိပ်ကြပေ။ အခန်းထဲမှာ ကြာကြာမနေ ခဏလာနေပြီး ပြန်ပြန်သွားကြသည်။ ထူးတော့ ထူးဆန်းသည် ပြောရမည်။

သူတို့အကြောင်းကို တွေးနေသော အာကာသည် သူ့အနားကို လူတစ်ယောက် ရောက်လာသည်ကိုပင် သတိမထားမိပေ။ သူ့အနားရောက်လာသူသည် သူ၏ အသိမိတ်ဆွေများထဲမှ မဟုတ်ပေ။ သူ ထင်မှတ်မထားသော ဟိုဘက်ခန်း လူငယ်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်နေသည်။ ထိုသူသည် သူ့ကိုနှစ်လိုဖွယ် ပြုံးပြပြီး ထိုင်မယ်နော် လို့ပြောပြီး သူ့ဘေးက ခုံမှာ ဝင်ထိုင်သည်။ ဘာမှပြန်မပြောပဲ အာကာ ခေါင်းပဲညိတ်ပြလိုက်သည်။
“ မင်း ကြည့်ရတာ ဂစ်တာ တီးတာရတာ ဝါသနာ တော်တော်ပါပုံရတယ်”
အာကာ အနည်းငယ် ပြုံးပြလိုက်သည်။
“ သီချင်းရော ဆိုတတ်မှာပေါ့ ကိုယ့်ကို ထူးအိမ်သင်ရဲ့ အိမ် သီချင်းဆိုပြပါလား”
ဘာပြောရမှန်း မသိတာနဲ့ ထူးအိမ်သင်ရဲ့ အိမ် သီချင်းကို ဆိုပြလိုက်သည်။
“ မင်းအသံ ကောင်းလှချည်လား”

အာကာ ကြောင်သွားသည်။ သူ့ကို မိတ်လာဖွဲ့သည်။ သီချင်းဆိုခိုင်းသည်။ အခုသူ့ကိုလည်း ချိးမွမ်းနေသည်။ သက်သက်မဲ့ အကြောင် လာရိုက်နေတာလား။ သူနဲ့ အရောတဝင် ရှိလိုသဖြင့် တမင်တကာ မြှောက်ပင့် ပြောနေသလား။ ဒါပေမယ့် ထိုသူက သူ့ကို အမှန်အတိုင်း ရိုးသားစွာ ပြောနေသည်ကို ထိုသူမျက်နှာကို ကြည့်ရုံဖြင့် သိသည်။ အခုလည်း သူ့ကို ရင်းနှိးဖော်ရွေစွာဖြင့် သူ့ကိုယ်သူ မိတ်ဆက်ရင်း  သူနာမည်ကို မေးနေသည်။
“ ငါ့နာမည်က သီဟ။ ဟိုဘက်ခန်းမှာနေတယ် မင်းနာမည်ရော..”
သီဟဆိုသော ထိုသူက သူကိုယ်ကို မိတ်ဆက်ရင်း မိမိနာမည်ကိုပါ မေးသည်။
“အာကာ”
သူနာမည်ကို ပြန်ပြောပြီး ခဏကြာတော့ သီဟ ဆိုသူရဲ့ သူငယ်ချင်းနှစ်ယောက် ရောက်လာသည်။
“ ဟေ့ကောင် ဘယ်သွားနေတာလဲ ”
“ဘယ်မှာ သွားလို့လဲ ဒီမှာထိုင်နေတာ မင်းမမြင်ဘူးလား”
သီဟက ဘူးကလန့်ပြန်ပြောလိုက်သည်။
“မင်းက ဂစ်တာ တီးတတ်တယ်ပေါ့ ငါ ခဏတီးလို့ရမှာလား”
နောက်မှရောက်လာသော နှစ်ယောက်ထဲမှ တစ်ယောက်က ပြောရင်း လက်လှမ်းလာသည်။
“ရပါတယ်”
 ဂီတာလှမ်းပေးရင်း ထိုသူကို ဂစ်တာ တစ်တတ်မှာမဟုတ်ဘူးလို့ အာကာ ထင်တားပေမယ့် ဂစ်တာ ကို ကျွမ်းကျင်စွာ တီးခတ်ပြီး westlife အဖွဲ့ရဲ့ mylove သီချင်းကို ဆိုနေသည်။ အသံ မကောင်းပေမယ့် ထိုသူက  တကယ့်ခံစားမှု့ဖြင့် ဆိုနေသည်။
“ ဟေ့ကောင် ဆိုမနေနဲ့ နောက်ကျနေပြီ သွားကြစို့ ”
ထိုသူနှင့်ပါလာသည့် အခြားတစ်ယောက်က ပြောလိုက်တော့
“ဟ ဟုတ်တယ် သီဟ သွားမယ် တော်ကြာ နောက်ကျနေမယ် ”

ထိုသူက သီဟဆိုသူကို သွားဖို့ပြောသည်။ သီဟ က သူ့ကို ပြုံးပြပြီးနောက် သုံးယောက်သား ထွက်သွားကြသည်။ အာကာ တစ်ယောက်တည်းရှိတော့သည်နှင့် ဘာမှ မတွေးတော့ဘဲ ဂစ်တာ တီး သီချင်းဆိုလိုက်သည်။
လူငယ်သုံးယောက်နဲ့ သူ စတင် သိကျွမ်းခြင်းက ရင်းနှီးမှု့ သိပ် ရှိလှခြင်း မဟုတ်ပေမယ့် နွေးထွေးမှု့ကို အာကာ ခံစားရမိသည်။
                                    --------------****-------------

ကိုဦး နယ်သွားသည်မှာ သည်နေ့မှ လေးရက်ပဲရှိသေးသည်။ မနေ့ညကတော့ စောစော အိပ်ယာဝင်ခဲ့ပေမယ့် ဒီနေ့ အိပ်ချင်စိတ်လည်းမရှိ အိပ်လည်းမအိပ်ချင်သည်နှင့် အာကာ တစ်ယောက်တည်း အခန်းရှေ့ထွက်နေလိုက်သည်။ ကိုဦးနှင့် သူသည် တစ်ခန်းတည်းနေကြပေမယ့် တစ်ခါတစ်လေ စကားတစ်လုံးမှပင် မပြောကြပါ။ ကိုဦးသည် အေးအေးဆေးဆေး နေသည်။ အချိန်အားသည်နှင့် စာဖတ်သည်။ မကြာခဏ တရားထိုင်တတ်သည်။ သူကတော့ ကိုဦးနှင့်ဆန့်ကျင်ဘက် သီချင်းဆို ဂစ်တာတီးသည်။ ပျော်ပျော်နေတတ်သည်။ သူ ဂစ်တာတီးလည်း ဘာမှပြော။ သူက အားနာရ်ျ အလိုက်တသိ ဂစ်တာမတီးသည့်အခါ တရားထိုင်နေသည့်အချိန်သာ မတီးဖို့ပြောပြီး ကျန်သည့်အချိန်တွေမှာ  တီးနိုင်ကြောင်း သူ့အနေဖြင့် အာရုံမပျံ့လွင့်တတ်ကြောင်း ပြောသည်။      အာကာ ရောက်စက ကိုဦးနှင့် နေခြင်းမဟုတ်။ သူ့သူငယ်ချင်းများဖြင့် နေသည်။ သူငယ်ချင်းတွေ သည်တိုက်ခန်းမှာ မနေကြတော့ သူတစ်ယောက်တည်းမို့ ကိုဦးက သူနှင့် အတူလာနေနိုင်ကြောင်း ပြောသည်နှင့်နေဖြစ်ခဲ့ခြင်း ဖြစ်သည်။

 ကိုဦးသည် အလွန်ကြိုးစားသူ တစ်ယောက် ဖြစ်သည်။ အလုပ်လုပ်ရင်းဖြင့် တစ်ခြားသင်တန်းများကို တက်ရောက်သည်။ စာအုပ်စာပေများကို အမြဲမပြတ်ဖတ်သည်။ အခုလည်း ကိုဦးသည် သူ၏ကြိုးစားမှု့နှင့် ထိုက်တန်သော အလုပ်တစ်ခုကို လုပ်ကိုင်နေသူတစ်ယောက် ဖြစ်သည်။ သူကတော့ ယုံကြည်ချက် ရည်မှန်းချက်တွေအတွက် အမြဲဂစ်တာတီး သီချင်းဆိုသည်။ ယခုချိန်ထိတိုင် သူ မျှော်လင့်ချက်များ ဘာမှ ပီပြင်လာခြင်း မရှိသေးပေ။

သည်လိုဆန့်ကျင်မှု့တွေ ရှိကြသော်လည်း သူနှင့် ကိုဦးသည် ညီအစ်ကိုရင်းပမာ အခုအချိန်ထိ အတူနေကြသည်။ သူ့ကိုလည်း ကိုယ့်ရည်မှန်းချက်အတွက် မဆုတ်မနစ်ကြိုးစားရန် တိုက်တွန်းသည်။ အပေါင်းအသင်းကိုလည်း ကြည့်ပေါင်းဖို့ ပြောသည်။ အခုလည်း နယ်ကို သွားခါနီး ဟိုဘက်ခန်းမှ လူငယ်တွေနှင့် သိပ်အရောတဝင် မနေရန် ပြောသွားသည်။ သူအနေနဲ့ ကိုဦးမပြောလည်း သည်ကောင်တွေကို ရှောင်မည်ဟု ဆုံးဖြတ်ထားသည်။

ထိုလူငယ်သုံးယောက်သည် အခန်းကို အမြဲမနေကြ လမ်းပေါ်သာ အချိန်ကုန်ကြသည် ထင်သည်။ သုံးယောက် နေသည်ပြောပေမယ့် တစ်ယောက်နှင့်တစ်ယောက် အတူလာကြသည်မဟုတ် တစ်ယောက်လာသည် ပြန်သွားသည်။ နောက်တစ်ယောက်လာသည် ခဏလာနေလိုက် နောက်ပြီး ပြန်ထွက်သွားကြသည်။ သုံးယောက်လာသည့်အချိန်လည်း ရှိသည်။ တစ်ခါတစ်ရံ ကောင်မလေးတွေ ပါလာသေးသည်။  သူတို့ရဲ့ နေပုံဝတ်ပုံ ကြည့်သည်မှာ ပိုက်ဆံရှိ သူဌေးသားများ ဖြစ်နိုင်သည်။

အာကာတစ်ယောက်တည်း သူတို့အကြောင်းတွေးမိနေစဉ်မှာ ထိုသုံးယောက်ကို လမ်းထိပ်ကတည်းက လှမ်းမြင်ရသည်။ လှေကားမှ ဆူညံသံများအတူ သူတို့သုံးယောက် တက်လာကြသည်။ လက်ထဲမှာ အထုပ်တွေပါလာကြသည်။ သည်အချိန်မှ ဘာအတွက်လာနေကြသလဲ။ သူတို့ဘက်ကို ကြည့်မိလိုက်တော့ သီဟ ဆိုသူနှင့် အကြည့်ဆုံမိသွားသည်။ သီဟကပြုံးပြလို့ သူလည်းပြန်ပြုံးပြလိုက်သည်။ ဆယ့်တစ်ရီ ထိုးတော့မှာမို့ အိပ်ရန် အခန်းတံခါးကိုပိတ်လိုက်သည်။ ခဏကြာတော့ တံခါးခေါက်သံ ကြားလို့ ဖွင့်ကြည်သောအခါ သီဟ ဆိုသူဖြစ်နေသည်။
“ တစ်ယောက်တည်းလား ဟိုအစ်ကိုကရော”
အာကာ ကြောင်သွားသည်။ သူနှင့် ကိုဦး နေသည်ကို သည်ကောင်ဘယ်လိုသိတာလဲ။
“ သြော်.. အလုပ်ကိစ္စကြောင့် နယ်သွားတယ်”
“ဒါဆို တစ်ယောက်တည်းပေါ့ ငါတို့ဘက်လိုက်ခဲ့ပါလား”
“ ဟာ ရပါတယ်”
“လာပါကွာ ဘော်ဒါအဖြစ်ပေါ့”
 “နေပါစေ အိပ်တော့မယ်”
“ လာပါကွာ”
အာကာငြင်းမည်လုပ်ပြီးမှ တစ်ယောက်တည်း ပျင်းပျင်း ရှိသလို သည်ကောင်တွေ ဘယ်လိုနေလို့ ဘယ်လုပ်ကြမည်ကို သိချင်သည်နှင့် လိုက်သွားလိုက်သည်။
သူတို့အခန်းထဲရောက်တော့ ကျန်နှစ်ယောက် အရက်သောက်နေကြသည်။ သူပါလာတာကို ဘာမှမပြောကြ။ ဘာမှ မဖြစ်သလို။

“ အာကာ လာထိုင်လေကွာ”
သီဟက ထိုင်ခိုင်းသည်။ သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ အာကာ သုတို့အခန်းကို မသိမသာ ကြည့်မိသည်။ အခန်းထဲမှာ ဘာမှမည်မည်ရရ မရှိ။ အခင်း ရှည်ကြီးတစ်ခု။ ကြိုးတန်းတစ်ခု။ ကြိုးတန်းပေါ်မှာ အဝတ်အစား လေးငါးစုံသာရှိသည်။ ထူခြားသည်က နံရံတွေမှာ ရုပ်ပုံတွေ အပြည့်နီးပါးရှိသည်။ ဘာပုံတွေ ဘာအဓ္ဓိပါယ်မှန်း မသိ။ ချေဂွေးဗားပုံမျိုးရှိသည်။သိန်းငှက်တစ်ကောင် ပုံလည်း ရှိသည်။  သူ မသိသော တစ်ခြား ရုပ်ပုံများလည်း ရှိသည်။  အနက်ရောင် အပြည့်ခံပေါ်မှ အလင်းတန်းလေးတစ်ခု ပုံမျိုးနှင့် အခြား သူအဓ္ဓိပါယ်မဖော်တတ်သော ပုံတွေရှိသည်။

“ အာကာ ရော့ ”  သီဟ က သူ့ကို အရက်ခွက်လှမ်းပေးသည်။ သောက်ဆိုသည့် အဓိပါယ်ဖြင့် မျက်စိမှိတ်ပြသည်။ အာကာ လှမ်းယူပြီးသောက်လိုက်သည်။ ရင်ထဲကို ပူစင်းသွားသည်။ အရက် မသောက်တာ အတော်ကြာပြီ ဖြစ်သည်။ နောက်တစ်ခွက် ဆက်သောက်လိုက်သည်။

“ မင်းမှာ ဂစ်တာရှိတယ်မဟုတ်လား သွားယူချေကွာ ”
ပထမဆုံး စတွေ့စဉ်က ဂစ်တာကို ကျွမ်းကျင်စွာတီးတတ်သော တစ်ယောက်က သူ့ကို မေးရင်း သွားယူခိုင်းသည်။ အာကာ သွားယူပေးလိုက်သည်။
“ ရန်နိုင် သူများတွေ အိပ်နေကြပြီကွ ”  သီဟ က မတီးရန်ပြောသည်။
“ ဘာဖြစ်လဲကွ ကိုယ့်အခန်းကို ကိုယ်တီးတာ ”
“ အဲလို မဟုတ်ဘူးကွာ မင်းတီးချင်လည်း တိုးတိုးတော့ တီးပေါ့ ”

ကျန်တစ်ယောက်က ဝင်ပြောသည်။ ရန်နိုင်သည် ညင်သာသော တေးချင်းများကို တီးခတ်လျက်ရှိသည်။

“သြော် မင်းကို မိတ်ဆက်ပေးရဦးမယ် အာကာ။ သူက ရန်နိုင် သူက ဇော်ဇေ ”

ဂစ်တာတီးသူသည် ရန်နိုင်ဖြစ်ပြီး ကျန်တစ်ယောက်သည် ဇော်ဇေ ဖြစ်သည်။
ရန်နိုင် က ဝိုင်းထဲမှထွက်သွားပြီး နံရံကို မှီပြီး ဂစ်တာတီးသည်။ သူနှင့် ကျန်နှစ်ယောက် အရက်ဆက်သောက်ကြသည်။ သူတို့ သောက်သော အရက်အမျိုးအစားကို အာကာ တစ်ခါမှ မသောက်ဘူးပေ။ အကောင်းစား အရက်မှန်းတော့ သိသည်။ သူ့အကြောင်းကို မမေးကြသလို သူတို့အကြောင်းကိုလည်း မပြောကြပေ။ သူမသိသော အကြောင်းအရာများကို ပြောကြသည်။ ဘယ်ကောင်မှလေးက ဘယ်လို။ အင်တာနက်သုံးရတာ အဆင်မပြေတဲ့အကြောင်းများ အပါအဝင် တစ်ခြားသော အကြောင်းများကို ပြောနေကြသည်။ သူတို့ပြောသမျှကို အင်း အဲ ခေါင်းညိတ်ရုံသာ လုပ်လိုက်သည်။ ထိုညက အာကာ နည်းနည်းများသွားသည်။

မနက်မိုးလင်းတော့ သူနေသော အခန်းကို ပြန်ရောက်နေသည်။ ဟိုဘက်အခန်းကို လှမ်းကြည့်မိတော့ သော့ခတ်ထားသည်။

ကိုဦးက သူတို့နှင့် မပတ်သတ်ရန် မှာထားခဲ့ပေမယ့် အတိုင်းအတာတစ်ခုထိ ရင်းနှိးသွားကြသည်။ အမှန်တိုင်းပြောရလျှင်လည်း အာကာ သူတို့နှင့် သူငယ်ချင်းဖြစ်ချင်သည်။  ပျော်ပျော်နေလေ့ရှိသော သူသည် ရန်ကုန်ရောက်ကတည်းက သူငယ်ချင်း မရှိသလောက် ဖြစ်ခဲ့ရသည်။ သူတို့ကိုလည်း စိတ်ဝင်စားသည်။ လွတ်လွတ်လပ်လပ် အပူအပင်ကင်းမဲ့စွာ နေထိုင်ကြသည။်

သည်နေ့သူတို့ဘယ်အချိန်မှာ ရောက်လာကြမလဲဟု မသိစိတ်က မျှော်နေမိသည်။ သူမျှော်လင့်ခဲ့ပေမယ့် နောက်ရက်တွေမှာ နေ့ရောညပါ သူတို့ရောက်မလာကြပါ။

နေ့ရက်များသည် ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော်လည်း သူ့အတွက်တော့ ဂီတာရှိနေသရွေ့ နေပျော်သည်။ သို့သော် သည်နေ့ကျ သူ့စိတ်ထဲတွင် တစ်မျိုးကြီးပဲ ခံစားရသည်။ ပုံမှန် ရှိသော အချိန်သည် ရှည်လျားသည်ဟု ထင်မိသည်။  
မီးကင်းမှ သံချောင်းခေါက်သံကို လိုက်ရေတွက်မိသည်။ ဆယ့်တစ်ချက်ဖြစ်သည်။ သူလည်း အိပ်ရာဝင်လိုက်သည်။

                        ---------------------**********------------------

“ ဒေါက်…. ဒေါက်….”  အာကာအိပ်ရာမှမနိုးသေးခင်း မနက်ခင်းမှာ တံခါး ခေါက်သံကြားရသည်။ ကိုဦး ပြန်လာသည်ဟု ထင်လိုက်သည်။ တံခါးဖွင့်ပေးလိုက်သောအချိန်မှာတော့ သူ ထင်သော  ကိုဦးမဟုတ်ပဲ သူ မမျှော်သော သီဟတို့ သုံးယောက်ဖြစ်နေသည်။
“ အိပ်ရာက မနိုးသေးပဲကိုကွ မင်းကိုလာခေါ်တာ ”

သီဟပြောတော့ သူ အံ့သြသွားသည်။ သူ့ကိုလာခေါ်ကြသတဲ့။ သူတို့နှင့် သွားဖို့ရာ ချိန်းထားခြင်းလည်းမရှိပေ။ ဘယ်မှလည်း သူတို့နှင့် သွားစရာအကြောင်းအရင်းမရှိပေ။
“ ဟုတ်တယ် ရေချိုးမနေနဲ့ ” ဇော်ဇေ ကပါပြောသည်။ ဘယ်ကိုသွားမှာလဲဟု အာကာမမေးတော့ပဲ မြန်မြန်မျက်နှာသစ် အဝတ်စား လဲလိုက်သည်။

“ အာကာ ဂစ်တာပါယူခဲ့ကွာ ” ရန်နိင်ပြောတာနဲ့ သူ့ဂစ်တာပါ ယူခဲ့သည။် ဘာကိစ္စ ဘယ်နေရာကို သူတို့သွားမည်ကို မသိသော်လည်း သူတို့ပါလာသော ဂျစ်ကားလေးဖြင့် သူတို့ခေါ်ရာသို့ အာကာ လိုက်ခဲ့ပြီ။ စိတ်မှာ ခပ်ထင့်ထင့်။

မြို့ပြင်ရောက်သောအချိန်မှာတော့ သီဟ ကားအရှိန်ကို မြင့်လိုက်သည်။ ရန်နိုင် ဇော်ဇေ တို့က နောက်မှ မတ်တပ်ရပ်လျက် သီချင်းတွေကို သီဆိုနေကြသည်။ သီဟက ပြုံးပြပြီး ပျော်လားလို့ မေးသည်။ အာကာ ခေါင်းညိတ်ပြလိုက်သည်။ သူ့စိတ်များ တက်ကြွ ပေါ့ပါးသွားသည်။

သူတို့နှင့်အတူ ပျော်ဝင်လိုက်သည်။ သည်လို အပေါင်းအသင်းများနှင့် လွတ်လပ်စွာ ပျော်ရသည့်အချိန် များ ကို ပျောက်ဆုံးနေသည်မှာ အာကာအတွက် အတော်ကို ကြာခဲ့ပြီ။ မန္တလေးမှာ ရှိစဉ်က ရရှိခဲ့တာဖြစ်ပြီး ရန်ကုန်ရောက်လာတော့ အခုလိုလွတ်လပ်သော ခံစားမှု့ကို ပထမဆုံး ရရှိခြင်း ဖြစ်သည်။ သည်အတွက် သူတို့ကို အထူးကျေးဇူးတင်မိသည်။

သူတို့ဘယ်ကို သွားမည်ကို လမ်းတစ်လျှောက်လုံးမသိခဲ့ပေ။ ရောက်ပြီလို့ပြောမှ ဧရာဝတီ မြစ်ကြီးရဲ့ မြစ်ကမ်းနံဘေး တစ်နေရာဆိုတာ သိလိုက်ရသည်။ သည်နေရာကို သူတို့မကြာခဏ ရောက်ဖြစ်သည် ဟုပြောသည်။ ရောက်ရောက်ချင်း ကားပေါ်မှဆင်းပြီး မြစ်ကြီးဆီကို ပြေးပြီး အသံကို ကျယ်လောင်စွာ အော်ကြသည်။

 မြစ်ရဲ့ လေ မြစ်ရေတိုက်သံ လှိုင်းလေးတွေ မြင်ရတဲ့ မြင်ကွင်းများသည် သူတို့ကို အရာအားလုံးကို မေ့ပျောက်စေပြီး ပျော်ရွှင်ကြည်းနူးစရာကောင်းသော လှပသာယာခြင်းများကို ပေးစွမ်း၏။ မောဟိုက်လာသောအချိန်မှာတော့ မြစ်ကမ်းပေါ်မှာ သူတို့ လဲချပစ်လိုက်ကြသည်။ အာကာသည် အချိန်ခဏကြာသည်အထိ မြစ်ပြင်ကြီးကို ငေးမောကြည့်နေမိသည်။ ဧရာဝတီရဲ့ မျက်နှာ ဧ၇ာဝတီရဲ့ ရေကြည်ကို မမြင်တာ ကြာခဲ့ပြီ။ ရေစီးသံကို မကြား၇သော အချိန်များလည်း ကြာညောင်းခဲ့ပြီ ဖြစ်သည်။ စကားသံများ အော်ဟစ်သံများ တိတ်ဆိတ်သွားပြီး အာလုံးသည်  အတွေးကိုယ်စီဖြင့် တော်တော်ကြာသည် အထိ နစ်မျောသွားကြသည်။ ဧရာဝတီသည် သူတို့ကို ညှို့ချက်ပြင်းပြင်းဖြင့် ဖမ်းစား နေ၏။ 

“ဧရာဝတီကို ချစ်တယ်” ရန်နိုင်က ဧရာဝတီရဲ့ မျက်နှာပြင်ကိုကြည့်ပြီး ပြောလိုက်သည်။
“ ဟုတ်တယ်။ကျနော်လည်း ချစ်တယ်” သီဟက ရန်နိုင်စကားကို ထောက်ခံလိုက်သည်။
“ ငါတို့လည်း ဧရာဝတီကိုချစ်တယ် မြန်မာပြည်သားတွေကလည်း ဧရာဝတီကို ချစ်ကြတာပဲ။ ဒါပေမယ့် ငါ ချစ်တဲ့ ဧရာဝတီက လွတ်လပ်စွာ စီးဆင်းနိုင်ပေမယ့် ငါ ကတော့ ဧရာဝတီလို မဟုတ်ပဲ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ရတယ်။ ချည်နှောင်ခြင်းခံရတယ်။ မေခနှင့် မလိခ မြစ်နှစ်သွယ်က မွေးဖွားပေးလိုက်တဲ့ ဧရာဝတီက သူ့ခရီး သူ့ဘဝကို ဘာတွေနဲ့မှ တုပ်နှောင်ခံရခြင်းမရှိပဲ အခက်အခဲ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ပျော်ရွှင်စွာနဲ့ပဲ  စီးဆင်းခဲ့တယ်။ ငါ ကတော့ ဒီလိုမဟုတ်ခဲ့ဘူး ”

           ရန်နိုင်သည် စကားများကို ဆို့နင့်ဝမ်းနည်းသံတွေနဲ့ ရှည်လျားစွာပြောနေသည်။ နောက်ပြီး သီဟ ဇော်ဇေ တို့မျက်နှာသည်လည်း ညိုးနွမ်းနေသည်။ ရန်နိုင့်စကားက သူတို့နှစ်ယောက်နဲ့ပါ သက်ဆိုင် နေရော့သလား။ သူ့တို့ဘဝ သူတို့ကို ဘာတွေကို ချုပ်နှောင်ထားကြနေလို့လဲ။
          
          တကယ်တော့ သူတော့ဘဝသည် အာကာဆိုတဲ့ ကောင်လေးတစ်ယောက်၇ဲ့ ဘဝလောက် ချုပ်နှောင်ခြင်းတွေ ရှိလို့လား။ မေးလိုက်ချင်စမ်းသည်။  အာကာ သူ့ မျက်နှာမှာ ကျလာတဲ့ မျက်နှာတစ်စက်ကို သုတ်ပစ်လိုက်သည်။ အားလုံးရဲ့ စကားသံတွေ ပြန်ပြီးတိတ်ဆိတ်သွားပြန်သည်။ ဧရာဝတီကတော့ စီးဆင်းနေဆဲ။ ဧရာဝတီ၏ အသံက သူ့ကို သရော်နေရော့သလား။ ဒါမဟုတ် သနားကြင်နာတတ်သော အားပေးနှစ်သိမ့်သံလား ။ သူတို့အားလုံး မခွဲခြားတတ်ပေ။ ဧရာဝတီ သာလျှင် သိနိုင်ပေလိမ့်မည်။ ညနေနေဝင်ချိန်မှ သူတို့ပြန်လာခဲ့ကြသည်။ အပြန်လမ်းမှာတော့ အာလုံးတိတ်ဆိတ်လျက် ။

         မြို့ထဲရောက်သည့် အချိန်မှာ အတော်မိုးချုပ်နေပြီဖြစ်သည်။ သူတို့အားလုံး တိုက်ခန်းကို မပြန်ကြပဲ စားသောက်ဆိုင်တစ်ခုသို့ သွားကြသည်။ ထို့နောက် ကလပ်တစ်ခုကို သွားကြပြန်သည်။ သည်လိုနေရာသည် အာကာအတွက် တစ်ခါမှ ရောက်ဖူးခြင်းမရှိတဲ့ နေရာစိမ်းတစ်ခု ဖြစ်သည်။ သူတို့အတွက် သည်လိုနေရာ ကို အမြဲလိုရောက်ဖြစ်သည်ဟု ပြောသည်။

ထိုနေရာသည် သူတို့ပြောသလို  မေ့ပစ်ချင်သော အရာအားလုံးကို မေ့သွားစေပြီး ပျော်ရွင်တက်ကြွစေသည်။ မိန်းမော နစ်မြုပ်စေသည်။ သည်နေရာမှာ အချိန်များကို ကုန်လွန်ခဲ့ကြပြီး မနက်ပိုင်းရောက်မှ တိုက်ခန်းသို့ ပြန်လာကြသည်။ အခန်းရောက်တဲ့ အချိန်မှာတော့ သူတို့ ခြုံရန် စောင်များကို အာကာ ပေးပေမယ့် သူတို့အတွက် ဒါတွေမလိုဘူးဟု ပြောသည်။

အာကာ မနက် အိပ်ရာမှ ထလို့ သူတို့ အခန်းကို ကြည့်တော့ အခန်းကို သော့ခတ်ထားသည်ကို တွေ့ရသည်။

                                    -------------------************--------------------

သူတို့သုံးယောက်သည် အာကာအတွက် တကယ့်ကို ပဟေဠိဆန်သည်။ သူတို့ အကြောင်းကိုလည်း မသိရ။

သူတို့သည် တခါတရံမှသာ အခန်းသို့လာသည်။ ပြန်သွားကြ သည်။ သူတို့သည် တစ်ခါတစ်ရံ ပျော်ရွှင်တက်ကြွနေကြသည်။ တစ်ခါတစ်ရံ ဝမ်းနည်း နေကြသည်။ သူ့ကိုလည်း တစ်ခါတစ်ရံ ရင်းရင်းနှီးနှီး ခေါ်ပြောဆက်ဆံသည်။ တစ်ခါတစ်ရံ မသိသလို စကားလည်းမပြောပေ။ သူတို့ပုံစံ သည် အာကာအတွက် ထူးဆန်းနေသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို အာကာ ခင်မင်မိသည်။ ကိုဦးက သူတို့နှင့် ပတ်သတ်ခြင်း မပြုရန် ပြောခဲ့ပေမယ့် အခုအခါမှတော့ သူတို့နှင့် ပျော်ရွင်စွာ နေရသည်ကို ကျေနပ်မိသည်။ သူတို့နှင့် နေရသည်မှာ ပျော်ရွင်ခြင်းမှတစ်ပါး ဘာတစ်ခုမှ အကျိုးကျေးဇူးမရနိုင်ဟု အာကာ ထင်ထားခဲ့ပေမယ့် သူ ဖြစ်ချင်သော သူ့ ရည်မှန်းချက်များကို ပြည့်စေဖို့အတွက် ထိုလမ်းကြောင်းပေါ်သို့ ရောက်အောင် သူတို့ဆိမှ အကူအညီရရှိလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သူတို့သုံးယောက်သည် သူ့အတွက် လာခြင်းကောင်းသူများ ဖြစ်ကြ၏။

နောက်ရက်ညမှာတော့ သူတို့ ရောက်လာကြသည်။ သူတို့အခန်းကို မဝင်ကြပဲ အာကာ အခန်းသို့ သူတို့ဝင်လာကြသည်။ သူတို့အပြင်ကို သွားမည်ဖြစ်လို့ အာကာကို ဝင်ခေါ်ကြသည်။ ရန်နိုင်က သူ့ကောင်မလေး အိမ်ရှေ့ ဂစ်တာ သွားတီးသွားမည်ဟု ပြောသည်။ ဂစ်တာကိုပါ ယူခိုင်းသည်။ 

ဒီတစ်ခါတော့ ကားကို  ရန်နိင်က မောင်းသည်။ ရန်နိုင်ကောင်မလေးအိမ်သို့ မသွားကြသေးပဲ ရဲဆေးတင်ကြဦးစို့ ပြောကာ အရက်ဆိုင်တစ်ဆိုင်သို့ ဝင်ကြပြီးမှ သွားကြသည်။ ညနက်သည် အထိ သီချင်းဆိုကြသည်။ သူတို့ တီးစေချင်သော သီချင်းတွေကို တီးခတ်ပေးရသည်။ ရန်နိုင်က သီချင်းတစ်ပုဒ်နှစ်ပုဒ်ကိုသာ  တီးပြီး ကျန်သီချင်းများကို အာကာ တီးခတ်ပေးရသလို ဆိုပေးရသည်။ သူတို့သည် သီချင်းလည်း မဆိုတတ်ကြပေ။ သူတို့ ဆိုတတ်သော စာသားများမှသာ လိုက်ဆိုတတ်ကြသည်။ တိုက်ခန်းပြန်ရောက်သော အချိန်မှာ သူမမျှော်လင့်သော စကားများကို ကြား ရသည်။

“ မင်း အသံကောင်းသားပဲ မင်း အဆိုတော် လုပ်ချင်စိတ်မရှိဘူးလား။” ရန်နီင်ဆီမှ သူ မမျှော်လင့်သော စကားတစ်ခွန်းကို ကြားလိုက်ရသည်။
“ ဟုတ်တယ် မင်း ဂစ်တာလည်း ကျွမ်းကျင်သားပဲကွ” ဇော်ဇေ က ပါ သူကို့ ချီးကျူးသည်။
အာကာ ပျော်သွားသည်။  သူကို သည်လို အာပေးကြသည်ကို ဝမ်းးသာမိသည်။
“ မင်း ဝါသနာပါတယ်ဆို ငါတို့အသိ တီးဝိုင်းတစ်ခုရှိတယ်။ မင်းကို ပြောပေးမယ်လေ”
“မင်း တကယ်ပြောတာလား သီဟ”
အံသြမှု့နှင့်အတူ ဝမ်းသာအားရ အာကာ မေးလိုက်သည်။
“ တကယ်ပေါ့ကွ အခုသူတို့တီးဝိုင်း သီချင်းဆိုတဲ့ကောင်က ကျန်းမာရေးသိပ်မကောင်းလို့ အနားယူနေတယ်။  မင်း ဆန္ဒရှိရင် ငါတို့ မနက်ဖြန် မင်း ကို လိုက်ပို့ပေးမယ်”
သူဖြစ်ချင်သော အိမ်မက်အတွက် လမ်းစ ဖြစ်သည်မဟုတ်လား။ ထိုအချိန်တွင် ခံစားရသော ပျော်ရွှင်ကြည်နူးမှု့သည် သူ့ဘဝတစ်လျှောက်လုံး ပထမဆုံး ဖြစ်သည်။
“ ဟာ တကယ်။ ဝမ်းသားလိုက်တာကွာ မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ”
သူ၏ ရင်ထဲမှ အမှန်တကယ် လှိုက်လှဲမှု့ဖြင့် သူ ပြောမိသည်။
“ တစ်ခုတော့ရှိတယ်နော်  မင်းအောင်မြင်သွားရင်တော့ ငါတို့ကို မမေ့နဲ့ပေါ့ကွာ”
“ ဟား…ဟား….. ”  အာကာ အပါအဝင် အားလုံးသဘောကျကာ ရယ်မောလိုက်ကြသည်။
“ ကဲပြန်ကြစို့ကွာ မိုးလည်းချုပ်ပြီ။ ”

ထိုညက အာကာ ညဉ့်နက်သည့် အချိန်တိုင် အိပ်လို့မရ။ အိပ်မပျော်ခြင်း မဟုတ် အိပ်ရမှာ နှမြောသောကြောင့် ဖြစ်သည်။

----------**************--------------------

ရန်နိုင် သီဟတို့က သူတို့အသိမိတ်ဆွေတီးဝိုင်းတစ်ခုမှာ သီချင်းဆိုရန် ပြောပေးမည်ဆို သောကြောင့် သူ အမျှော်လင့်ကြီး မျှော်လင့်မိသည်။ သို့ပေမယ့် နောက်နှစ်ရက်လောက်ထိ သူတို့အားလုံး အခန်းသို့မလာကြတော့ပေ။ နယ်ခရီး ထွက်သွားသော ကိုဦးလည်း ပြောသည့် ရက်ထက် ကြနေပြီ။ သူတို့သုံးယောက်သည် သူ့ကို နောက်ပြောင်ကျီစယ်ကြ လေရော့သလား။ ဒါမဟုတ် ပြောပြီး မေ့နေကြသလား။ ဘာကိုမှ မဝေခွဲတတ်ပဲ ဖြစ်နေသည်။

 သူတို့ပြောသော အချိန်ကဆို အာကာ အတိုင်းမသိ ဝမ်းသာခဲ့ရသည်။ သူဖြစ်ချင်သော သူလျောက်လှမ်းချင်သော လမ်းကို လျှောက်လှမ်းရတော့မည်။ ရည်မှန်းချက်တွေပြည့်ဝတော့မည်။ ဒါပေမယ့် ဒီကောင်တွေ သူ့ကို ပုံပြင်တွေ ပြောခဲ့သည်။ မနက်ဖြန်ဟု သူတို့ ပြောခဲ့သည်။ ဘယ်မနက်ဖြန်လည်း မသိ။ သူတို့ပြောပြီး နောက်ရက်မှာ သူတို့ တစ်ယောက်မှ ရောက်မလာကြ။

            အာကာ ရန်ကုန်ရောက်သည်မှာ သည်လကုန်လျင် တစ်နှစ်ပြည့်တော့မည်။ ပါလာသော ပိုက်ဆံကို ချွေတာသုံးစွဲကာ ကြိုးစားခဲ့ပေမယ့် အသိမိတ်ဆွေ အဆက်အသွယ်မရှိသော သူ့အတွက် သူ့ရည်မှန်းချက် အနာဂတ်သည် မပီပြင်ဝိုးတစ်ဝါး ဖြစ်နေသည်။ ရေးထားသည့်သိချင်းတွေ ကို အရဲစွန့်ပြီး နိးစပ်ရာ အပေါင်းအသင်းမိတ်ဆွေကို ပြခဲ့ပေမယ့် ကြိုးစားရန် လိုသေးသည်ဟု ပြောတတ်ကြသည်။

တစ်ခါတစ်ရံ စိတ်ဓာတ်ကျမိသည်။ ဂီတာပညာ အဆိုပညာကို လေ့လာလိုက်စားခြင်းက အချည်းအနှိးအလုပ်တွေကို လုပ်နေသလား မသေချာသော အနာဂတ်ကို ဖန်းတိးနေသလားဟု ကိုယ့်ကို ယုံကြည်မှု့ပင် ကင်းမဲ့လာခဲ့သည်။ စိတ်ဓာတ်ကျလိုက် ပြန်အားတင်လိုက်နဲ့ သည်လိုနဲ့ပင် ယောင်လည်လည်ဖြစ်နေသည်။ ရန်နီင် သီဟတို့ပြောလိုက်သော စကားတွေကြားပြီးနောက်ပိုင်း သူ့ဘဝပြောင်းလဲတော့မည်လို့ တွေးထင်ခဲ့ပေမယ့် အခုတော့လည်း…..

“ကလင်… လင်”
အာကာတစ်ယောက်တည်း တွေးနေစဉ် အောက်မှ ကြိုးဆွဲသံကြားလို့ ထကြည့်လိုက်သည်။ သူမျှော်နေ သော ရန်နိုင် သီဟ ဇော်ဇေတို့ သုံးယောက်ဖြစ်သည်။ သူ့ကို မြင်တော့ အခန်ုး ပိတ်ပြီး အောက်ဆင်းလာရန် ပြောနေသည်။ အာကာလည်း ဘာမှမမေးတော့ပဲ အခန်းကိုပိတ်ကာ ဆင်းလိုက်သည်။ သူ့ကို သူ့တို့ပြောထားတဲ့တီဝိုင်းကို လိုက်ပို့မလို့ ဖြစ်မည်။

“ မင်းကို လာခေါ်တာ ကွ ”
“ ဘယ်သွားမလို့လဲ” 
“ မင်း အားတယ်မဟုတ်လား လိုက်သာလိုက်ခဲ့ပါကွာ”
“သွားမယ်”
တီဝိုင်းကို လိုက်ပို့မည် ထင်ထားခဲ့ပေမယ့် သူတို့မေးမြန်းပြောဆိုပုံက သူ့ကို လိုက်ပို့ဖို့ မဟုတ်တာ သေချာသည်ကို အာကာ သိလိုက်သည်။ သူတို့ ပြောခဲ့တာကိုပင် မှတ်မိကြရဲ့လား မသိ။ ဒါမဟုတ် သက်သက်မဲ့ သူ့ကို နောက်ပြောင်တာများလား။ ဘာမှလည်း လုပ်စရာမရှိ  ငြီးငွေ့နေတာနဲ့ လိုက်သွားလိုက်သည်။ နောက်ပြီး မျှော်လင့်ချက်လေးနဲ့ပေါ့။

ကားလေးကို ညနေမီးရောင်စုံအောက်မှာ ခပ်ဖြည်းဖြည်းလေး ပြေးနေသည်။ လေပြည် လေညင်းလေးကို ပွတ်တိုက်ရသော ခံစားမှု့သည် ဘယ်သောအခါမှ ရိုးအီမသွားပေ။ သည်လို အရသာလေးကို ရန်ကုန်ရောက်ကတည်း မခံစားရတော့သောကြောင့် အာကာ ပျော်ရွင် ကြည်နူးမိသည်။ ည လေပြည် မီးရောင် အားလုံး လှပ၇်ျ နေသည်။

            ရန်နိုင်နှင့် ဇော်ဇေသည် သီချင်းလေးညည်းဆိုရင်း ပျော်နေကြသည်။ သီဟကတော့ ပြုံးရယ်လျက်။ အင်း သူတို့ကို ကြည့်လိုက် တွေ့လိုက်ရင် အမြဲလို ပျော်နေတတ်ကြသည်။ ပျော်ရွှင်ဖို့အတွက် လူဖြစ်လာကြသလား အောင့်မေ့ရသည်။ အပူအပင် မရှိ ။ သောက မရှိ။ သူမှာသာ အပူအပင်တွေရှိနေသည်။ အခုလည်း  သူတို့ကို မေးလိုက်ရမည်လား အာကာ စိတ်ထဲမှာ မတင်မကျဖြစ်နေသည်။ သူတို့ပြောခဲ့တာ သူ့ကို နောက်ပြောင် ကျီစယ်ခဲ့ကြတာလား။ ဘာပဲဖြစ်ဖြစ် မေးလိုက်ရသည်က သူ့အတွက် အရှုံးမရှိနိုင်ပါ၊

“ ရန်နိုင် မင်းတို့ပြောတော့ ငါ့ကို တီးဝိုင်းတစ်ခုနဲ့ ချိတ်ပေးမယ်ဆို”  
“ ဟာ ဟုတ်သားပဲ မေ့နေတာကွာ ဆောရီးနော် ” အာကာ ရန်နိုင်ကို မေးလိုက်ပေမမယ့် သီဟက သူ့ကို တောင်းပန်နေသည်။ အာကာ ထင်သလို  နောက်ပြောင်ကျိစယ်ခြင်း မဟုတ်ပါ။
“ ရန်နိုင် ကိုသူရိန်ဆီကို ဖုန်းဆက်လိုက်ကွာ  သူတို့ ရှိလောက်ပါသေးတယ် ”
သီဟ က ကားမောင်းနေရင်းဖြင့် ရန်နီင်ကို ပြောလိုက်တော့ ရန်နီင်က ဖုန်းဆက်လိုက်သည်။
“ အေး ရှိသေးတယ် မပြန်ကြသေးဘူးတဲ့” ဖုန်းဆက်ပြီး ရန်နိုင်က ပြန်ပြောသည်။

“ အေး ဒါဆိုလည်း အဲဒိကို ဝင်လိုက်မယ်ကွာ အချိန်ရပါသေးတယ်” သူတို့နှစ်ယောက် အပြန်အလှန်ပြော တာကို အာကာကြားလိုက်ရတော့ ၀မ်းသာပျော်ရွင်မိသည်။ သူ့ကိုအမှန်တကယ်ပဲ  မိတ်ဆက်ပေးကြ တော့မည်ကို သိလိုက်သည်။
ကားမီးများဧ။် အလင်းရောင်သည် လှပစွာ ရှိနေသည်။လမ်းမီးတိုင်လေးများသည် ပိုမိုလင်းလက်လာသည်။ ကောင်းကင်မှာ လမင်းကလည်း လင်းလက် တောက်ပနေသည်။   ညသည် ညမဟုတ်တော့။                                                              
                        ------------------**************------------------

“ မျိုးကြီး မျိုးကြီး ” စင်အောက်မှာ လူငယ်ပရိတ်များသည် သည်နေ့ခေတ်ရဲ့ နာမည်ကြီး အဆိုတော် မျိုးကြီး နာမည်ကို အော်ကာနေကြသည်။

တစ်ကြိမ်တစ်ခါမှ မရောက်ဖူးသော သူ တမ်းတမ်းတတ ရောက်ဖူးချင်ခဲ့သော ရှိုးပွဲကို အာကာ ရောက်နေရသည်။ အရမ်းကို ပျော်ရွှင်နေမိသည်။ အောက်မှာ လူငယ်ပရိတ်သတ်များက အုန်းအုန်းကျက်ကျက်အားပေးနေသည။် သည်နေ့ကတော့ အာကာ ဘဝတစ်လျှောက် အပျော်ရွင်ရဆုံး သော နေ့ရက်ဖြစ်သည်။ သီဟနှင့်ရန်နိုင်က ရှိုးပွဲသွားမည်ကို အာကာ မသိခဲ့ပါ။ သူ့ကိုလည်း တကူးတက လာခေါ်သည်။ ရှိုးပွဲကို မလာမီ သူ့ကိုလည်း တီးဝိုင်းတစ်ခုမှာ သီချင်းဆိုရန် တီးဝိုင်းခေါင်း ဆောင်တစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။ ထိုတီးဝိုင်းမှာ သီချင်းဆိုတဲ့သူက ကျန်းမာရေးမကောင်းသဖြင့် သီချင်းဆိုမည့်သူ မရှိဖြစ်နေသည်။ အာကာကိုလည်း မနက်ဖြန်မနက်မှာ အသံစမ်းကြည့်ရန် လာခိုင်းသည်။ ထိုတီဝိုင်းသည် နာမည်ကြိးတီးဝိုင်းမဟုတ်ပေမယ့် အတန်အသင့် နာမည်ရနေသော တီးဝိုင်းတစ်ခုဖြစ်သည်။   သီဟ ရန်နိုင်တို့နှင့် ရင်းနှီးခင်မင်ကြသည်။

“ မင်းတို့နဲ့ အသိလား ” ဟု သူမေးတော့ ရန်နိုင်က “ အသိ ဆိုပါတော့ကွာ သူ့ စတီရီယိုမှာ ငါတို့ ပျင်းလို့ အသံ သွားသွင်းရင်းနဲ့ ခင်မင်သွားတာကွ ” ဆိုပြီး ပေါ့ပျက်ပျက်ပဲ ဖြေသည်။

 သူ ဘဝမှာ ဖေဖေ မေမေ ကိုဦးတို့ ပြီးရင် သူတို့သုံးယောက်သည် သူ့ဘဝကို ကူညီပေးခဲ့ကြသော ကျေးဇူးတင်ရမည့်သူများ ဖြစ်ကြသည်။ သူ့ အိမ်မက်အတွက် လမ်းစ ပွင့်ပြီ။ သူ ကြည့်ချင်သော ရှိုးပွဲကို ကြည့်ရပြီ။ ဘယ်လောက် ကျေနပ်စရာ ကောင်းသလဲ။

သူတို့သုံးယောက်ကို ကြည့်လိုက်တော့ ပျော်ရွင်စွာ မြူးတူးကခုန်နေကြသည်။ စိတ်လွတ်ကိုယ်လွတ်ကို ပျော်မြူးနေသည်။ စင်ပေါ်က အဆိုတော် မျိုးကြီးနှင့်အတူ အာကာလည်း သီချင်းတွေကို သံပြိုင်လိုက်သီဆိုလိုက်သည်။ တစ်နေ့တော့  သူလည်းပဲ အောင်မြင်ကျော်ကြားသော အဆိုတော်တစ်ဦးဖြစ်ရမည်ဟု အာကာ သံဠိန်ချလိုက်သည်။ သူလျှောက် လှမ်းချင်သော လမ်းကြောင်းပေါ် ရောက်တော့မည်။ သူ ဆန္ဒပြင်းပြကြည့်ချင်သော ရှိုးပွဲကိုလည်း ကြည်ရပြီ။ မင်းတို့ကို ကျေးဇူးအရမ်းတင်ပါတယ်ကွာ။        
                                                                                                                                                                        ---------*************----------------

သီချင်းဆိုသံအပြီးမှာတော့ လက်ခုပ်သံများ ကြားလိုက်ရသည်။ သူ သီချင်းဆိုနေသည်ကို တီးဝိုင်းခေါင်းဆောင် အစ်ကို ကြီးနှင့် တီးဝိုင်းသားများက နားထောင်းပြီး လက်ခုပ်တီးကာ အားပေးနေကြ သည်။ သီဟ အပါအဝင်ပေါ့။ ဒိနေ့မှာတော့ ရန်နိုင်ပါမလာပေ။ သီဟတစ်ယောက်တည်း သူ့ကို လိုက်ပို့ ပေးသည်။

“ ဘယ်လိုလဲ” သီဟက တီးဝိုင်းခေါင်းဆောင်ကို မေးလိုက်သည်။
“ ကောင်းတယ် အသံအားလည်းကောင်းတယ် ဆိုပုံဆိုနည်းလည်း ကောင်းတယ် ”
“ ဖြစ်တယ် မဟုတ်လား ”
“ ဖြစ်တာပေါ့ သီဟရ”

တီးဝိုင်းခေါင်းဆောင် အစ်ကိုကြီးစကားကို ကြားလိုက်ရတော့ အာကာ ဝမ်းသာသွားသည်။ မိမိဖြစ်ချင်သော ရည်မှန်းချက်တွေ ဖြစ်တော့ရမည်။ သီချင်းဆိုရမည့်ရက်တွေ တီးလုံးတိုက်ရမည့် နေ့တွေကို  ပြောဆိုမေးမြန်းပြီးနောက် သီဟ နှင့် သူ ပြန်လာခဲ့ကြသည်။ အာကာကို အခန်းပြန်ပို့ပြီး မအားဘူး ပြောကာ သီဟ ပြန်သွားသည်။ နောက်ပြီး မင်း အဆိုတော်ဖြစ်ပြီး မင်းရဲ့ ရှိုးပွဲကို ငါ စောင့်မျှော်နေမယ်   ဟု ပြောသွားသေးသည်။ အာကာ အလွန်ပျော်ရွင်နေမိသည်။ သီဟ ပြောသွားသလို ဖြစ်အောင်ကြိုးစားမည်။ ဖြစ်လည်းဖြစ်မည်ဟု ကိုယ့်ကို ယုံကြည်သည်။ အဲဒီအခါကြရင် စင်ပေါ်မှ သူ့ရဲ့ သီဆိုဖျော်ဖြေမှု့ကို သီဟ ရန်နိုင် ဇော်ဇေ တို့က ရှေ့ဆုံးမှ အားပေးနေကြမည်။ နောက်ပြီး ဖေဖေ မေမေ တို့ရောပေါ့…

ခက်ခဲအထီးကျန်သော နေ့ရက်များကုန်းဆုံးပြီးရင် ပျော်ရွင်ဖွယ်ကောင်းသော နေ့ရက်တွေ ရောက်လာစမြဲပါ။ သီဟ ရန်နိုင်တို့ ကျေးဇူးကြောင့် တီးဝိုင်းတစ်ခုနှင့် အဆက်အသွယ်ရပြီးသည့် နောက်ပိုင်းရက်တွေမှာတော့ ပျော်ရွင်တက်ကြနေသည်ကို ကိုယ်ကိုကိုယ် အာကာ သိနေသည်။ မနက်လင်းသော အချိန်မှာ ရေချီုးပြိး တီးဝိုင်းဆီသို့ သွားတော့သည်။ မနက်လင်း အခန်းမှ ထွက်ပြီး ညနေ မှောင်သော အချိန်လောက်မှသာ သူ ပြန်လာခဲ့တော့သည်။

သီဟ တို့နှင့် မတွေ့ဖြစ်တော့သည်မှာ တစ်ပတ်ခန့်လောက်ပင် ရှိတော့မည်။ သူတို့အခန်းကို လာကြသလားပင် မသိတော့။ လာကြမှာတော့ သေချာသည်။ မဆုံဖြစ်တာပဲ ရှိမည်။  အလုပ်ကိစ္စကြောင့် နယ်သွားသော ကိုဦးလည်း ပြန်ရောက်နေပြီ။ သီဟ ရန်နိုင် ဇော်ဇေ တို့အကြောင်းကို သူ သိသလောက် ပြောပြသည်။ သူတို့၏ ဆက်သွယ်ပေးမှု့ကြောင့်  အခုလို တီးဝိုင်းတစ်ခုမှာ သီချင်းဆိုရသည်ဟု ပြောတော့ ကိုဦး အံသြသွားသည်။ သူတစ်ပါးအကြောင်းကို စိတ်မဝင်စားတတ်သော ကိုဦးသည် ရန်နိုင် သီဟ ဇော်ဇေ တို့အကြောင်းတွေကိုတော့ စိတ်ဝင်စားနေပုံရသည်။ အာကာ ပြောသမျှကို စိတ်ဝင်တစား နားထောင်သည်။ 

သီဟတို့နှင့် မဆုံဖြစ်သည့် ရက်တွေမှာ သူအတွက် တကယ့်ကို ပြောင်းလဲခဲ့သည်။ တီးဝိုင်းမှာ သီချင်း ဆိုသည်။ တစ်ခါတစ်ရံမှာ ဂစ်တာ တီးသည်။ အခြားဂီတ အကြောင်းတွေကိုလည်း သူလေ့လာခဲ့သည်။ အခုလည်း သူရဲ့ ကြိုးစားမှု့ကြောင့်ပင် ရှိုးပွဲတစ်ခုမှာ သီချင်းဆိုတော့မည်။ ရည်မှန်းချက်အတွက် ယုံကြည်မှု့ ကြိုးစားမှု့တွေဖြင့် သူ လျှောက်ချင်သော လမ်းကြောင်းပေါ်သို့ ရောက်ခဲ့ပြီ။ တီးဝိုင်းအစ်ကိုကြီး ပြောကတည်းက သူ ဝမ်းသာလွန်းလို့ သီဟ ရန်နီင်တို့ကို သွားပြောချင်လှပြီ။ ဒါပေမယ့် အခန်းကို လာမှသာ တွေ့ရမည် ဖြစ်သည်။ သူတို့နှင့် ရင်းနှီးလှပြီ ဆိုသော တီးဝိုင်းအစ်ကိုကြိးလည်း သူတို့ လိပ်စာ ဖုန်းနံပါတ်ကို မသိပေ။
သူတို့သုံးယောက်၏ လိပ်စာကို သိနိုင်သူဆိုလို့ သူတို့အချင်းချင်းပဲ ဖြစ်လိမ့်မည်။

---------------------**************------------

ရက်အနည်းငယ် ကြာလျင် သူ ရှိုးပွဲတစ်ခုမှာ သီချင်းဆိုတော့မည်ကို သိသိချင်း သီဟ ရန်နိုင် ဇော်ဇေ တို့ကို ပြောချင်သည်။ အခန်းသို့ သူ လျင်မြန်စွာ ပြန်လာသည်။ ဒါပေမယ့် သူတို့ အခန်းကို တစ်ယောက်မှ လာကြပါ့မလား မသိ။ ကိုဦးလည်း အလုပ်သွားနေမည် ဖြစ်သည်။ သူတို့ကို ကျေးဇူးတင်ကြောင်း ပြောချင်သော်လည်း အခုချိန်ထိတိုင် ပြောခွင့်မရသေးပါ။ တစ်နေ့နေ့တော့ တွေ့ဆုံရမည်ဖြစ်သည်။ လမ်းတစ်လျှောက်လုံး ပျော်ရွင်နေမိသည်။  
                                          
“ အာကာ ” သူ နေသော တိုက်ရှေ့ ရောက်သောအခါ ဦးမြ သူ့နာမည်ကို ခေါ်လိုက်သည်။
“ ကိုဦး ကိုပြောလိုက်ပါဦးကွာ မီတာခ ပေးလှည့်ပါဦးလို့”
“ ဟုတ်ကဲ့ဗျ ”
ကိုဦးနှင့် နေကတည်းက မီတာခ မြေခ အစရာရာ ကိုဦးပဲ ပေးခဲ့သည်။ နောက်လမှ စရ်ျ သူ ပေးနိုင်တော့မည်။အခန်းရှိရာ လေးလွာသို့ အာကာ တက်ခဲ့သည်။ အရင်ရက်တွေက အပြင်မှ ပြန်လာလျင် အခန်းသို့ တက်ရသည်ကို မောပန်းသည်ဟု ထင်ခဲ့သည်။ အခုတော့ သီချင်းပင် ဆိုညည်း လိုက်မိသည်။ ယခုချိန်မှာ လေးလွာမဟုတ်ဘူး ဆယ်လွာ ဆယ့်ငါးလွှာ အထပ်တစ်ရာကိုလည်း သူ တက်နိုင်သည်။
အခန်းကို ပြန်ရောက်ပြီး သူ သော့ မဖွင့်ခင် သီဟ တို့ အခန်းကို လှမ်းကြည့်လိုက်သည်။ သော့ခတ်ထားခြင်း မရှိသည်ကို တွေ့လိုက်ရတော့ အာကာ အရမ်းကို ပျော်ရွင်မိသည်။ သူ တို့ကို သူရဲ့ အောင်မြင်မှု့ကို ပြောပြမည်။ ကျေးဇူးတင်ကြောင်း ပြောရမည်။ ပျော်ရွင်မှု့ကို မျှဝေခံစားစေချင်သည်။ အားရဝမ်းသာဖြင့် တံခါးကို ခေါက်လိုက်သည်။

“ဒေါက်…. ဒေါက်…”
အာကာ တံခါးကို နှစ်ချက် ခေါက်လိုက်ပေမယ့် တံခါးကို လာမဖွင့်ကြပေ။ မကြားလို့ ဖြစ်မည် ထင်သည်နှင့် နောက်ထပ် နှစ်ချက်ဆက်တိုက် ခပ်ပြင်းပြင်းလေး ခေါက်လိုက်သည်။ တံခါးသံသည် အနည်းငယ် ကျယ်လောင်သွားသည်။

“ ဘာဖြစ်လို့ သည်လောက်ခေါက်နေတာလဲ”

            တံခါးဖွင့်သံနှင့်အတူ ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရသည်။ ရန်နိုင် ဖြစ်သည်။ ရန်နိုင်မေးခွန်းကို အာကာ မဖြေနိုင် ရန်နိုင်ကို အံသြစွာ ကြည့်လိုက်သည်။ ရန်နိုင် မျက်လုံးများ ရီဝေနေသည်။ အာကာကို လည်း မှတ်မိရဲ့လားမသိ။ သေချာတာကတော့ ရန်နိုင် ဒေါသ ထွက်နေသည်။ တံခါးလေး ခေါက်မိလိုက်ရုံဖြင့် ဒေါသ ဖြစ်နေခြင်းလား။
“ မေးနေတယ်လေကွာ ..”

အာကာ ဘာမှပြန်မပြောပဲ သူ့ကို ကြည့်နေသည်ကို ဒေါသထွက်နေပုံရသည်။ သူ့အမေးကို ပြန်မပြောနိုင်သည်အထိ အာကာ ဖြစ်မိသည်။ သူ မယုံကြည်သော အကြောင်းအရာ တစ်ခုအကြောင်းကို သိလိုက်၇လို့ ဆွံ့အ သွားသည်။ အာကာ ပြန်ပြောမီ တံခါးပြန်ပိတ်သွားသည်။ ရန်နိုင်ကို မြင်လိုက်ရုံဖြင့် သူ ဘာဖြစ်နေသည်ကို အာကာ သိလိုက်သည်။ ရန်နိုင်မျက်လုံးများသည် အရက်သောက်ထားသော ပုံစံမျိုး မဟုတ်။ ရန်နိုင်မှာ ပြဿနာ တစ်ခုခု ရှိနေလို့ ဒေါသ ဖြစ်နေမည်ဆိုလဲ တံခါး ခေါက်ရုံဖြင့် သည်လောက် စိတ်ဆိုးဒေါသ မဖြစ်နိုင်။ မယုံကြည်ပါ။ သို့သော် အာကာ လက်ခံလိုက်ရသည်။

ရန်နိုင်သည် သူရဲ့ အချိန်တွေကို ဖျက်ဆီးလို့ ဒေါသ ဖြစ်နေခြင်းကို အာကာ သိလိုက်သည်။
ရန်နိုင် မူးယစ်ဆေးသုံးစွဲနေသည်။

No comments:

Post a Comment