Friday, December 18, 2015

အချစ်ကို ရောင်းစားကြသူများ

အခန်း  1
“ တီ တီ တီ တီ ……..”

       နာရီနှိုးစက်သံကို ကြားနေရပြီး နှိုးစက်သံနဲ့ ဆက်အိပ်ချင်သော ဆန္ဒတို့ကြားမှာ သူ ဆုံးဖြတ်ရ ခက်နေသည်။  ညပိုင်း အိပ်ရာဝင်နောက်ကျခဲ့သောကြောင့် အခုချိန်ထိ သူ လေးနာရီသာ အိပ်ချိန် ရသေးသည်။ သူအလိုအရ ဆက်အိပ်ချင်နေပေမယ့် သတိပေးအချက်ပြနေတဲ့ အဆက်မပြတ် မြည်နေသော နာရီနှိုးစက်သံကို ကြားနေရပြီး အိပ်ရမှ ထရမည်ကို အသိစိတ်ဖြင့် သတိ၇လျက်ရှိသည်။ အိပ်ရမှ ထပြီး နာရီနှိုးစက်ကို ပိတ်လိုက်သည်။ အခုမှ နံနက် 5 နာရီပင် ရှိသေးသည်။ အိပ်ရာကို သေသပ်သပ်ရပ်စွာ သိမ်းလိုက်သည်။ မျက်နှာသစ်သွားတိုက်ဖို့ ပြင်သည်။ သွားတိုက်ဆေး မရှိသလောက် ကုန်နေတဲ့ သွားတိုက်ဆေးဗူးကို မရမက ညှစ်ထုတ်လိုက်သည်။ ဒီနေ့တစ်ခါတိုက်တော့ ထွက်လာသည်။  
         
အဆောင်ရှေ့ ဝရံတာကို ထွက်ပြီး ပတ်ဝန်းကျင်ကို ကြည့်မိသည်။ ဝေလီဝေလင်း နံနက်ခင်းက သူ့ကို လန်းဆန်းသွားစေသည်။ ဝမ်းစာအတွက် နေ့တစ်နေ့တာကို စတင်ဖို့ လှုပ်ရှားနေကြပြီ။ ဆိုက်ကားသမားတစ်ချို့ရဲ့ ခေါင်းလောင်းသံက နံနက်လင်းပြီဆို သူတို့လမ်းထဲမှာ ကြားရနေကျ ။ ထမင်းကြော်ဆိုင်တစ်ချို့က ဖွင့်လျက် တစ်ချို့ဆိုင်က ဖွင့်ဖို့ ပြင်နေသည်။ မုန့်ဟင်းခါး မုန့်တီသည် များလည်း ခင်းကျင်းနေပြီ။  အဆောင်ထောင့်ရှိ သူ မကြာခဏ ထိုင်တတ်သော လက်ဖက်ရည် ဆိုင်မှာလည်း ဆိုင်က စားပွဲထိုးလေးတွေလည်း စတင်နေကြသည်။

 အခြား သူတွေ တစ်ယောက်မှ မထသေးကြသေးပဲ သူတစ်ယောက်တည်းသာ နှိုးနေသည်။ နံနက်တိုင်း စောစော အိပ်ရာထတတ်တဲ့သူ့အတွက် ဒီမြင်ကွင်းတွေက ရိုးအီမသွားပဲ သတိပေးအချက်ပြနေသယောင်။ သူကြိုးစားရမည်။ အခြားသူများ မနိးသေးသောကြောင့် သူ တိတ်ဆိတ်စွာပဲ သူလှုပ်ရှားသည်။ ညစဉ် အိပ်ရာဝင်နောက်ကျတာ စောစောထဖို့ အကျင့်မရှိတာ ဒါတွေက အဆောင်တွေမှာ အကျင့်တစ်ခုလို ဖြစ်နေတာကိုလည်း သူ တွေး တွေး နေမိတတ်သည်။

  အနည်းငယ် အေးစိမ့်စိမ့် ရှိသေးပေမယ့် ရေချိုးလိုက်သည်။ တစ်ကိုယ်လုံး လန်းဆန်းသွားသည်။ အစောက အိပ်ချင်စိတ်တွေ ပြေပျောက်သွားသည်။ မီးပူတိုက်ထားသော ပုဆိုးနဲ့ အကျီအဖြူလက်ရှည်ကို ဝတ်ဆင်လိုက်သည်။ နောက် ဘုရားရှိခိုးကာ မေတ္တာသုတ်တော်ကို သုံးခေါက် ရွတ်ဖတ်ပူဇော်သည်။ အားလုံး ပြီှးစီးသွားပြီးချိန်မှာ သူရဲ့ တစ်ခုတည်းသော အိတ်ဖြစ်တဲ့  သရေဘေးလွယ်အိတ်ကို ယူလိုက်သည်။ ငါးနာရီခွဲသွားလို့ သူအခန်းအပြင်ကို ထွက်လိုက်သည်။ အခန်းတံခါးကို ပိတ်လိုက်သည်။ 

“ သား ဒီနေ့ စောလှချည်လားကွဲ့”
“ ဟုတ်တယ်ဗျ သင်တန်းက ဒိနေ့ အရေးကြီးနေလို့ ”
“ ဘယ်လောက်ဖိုးလဲ”
“ နှစ်၇ာဖိုးပဲ ပေးပါဗျာ ”

သူ နံနက်တိုင်း ဝယ်စားနေကျ ကောက်ညင်းပေါင်းဆိုင်မှ ကောက်ညင်း နှစ်ရာဖိုး ဝယ်စားလိုက်သည်။ ဒီနေ့နေ့လည်ထိတော့ အစာခံလိမ့်မည်။ အဒေါ်ကြီးကို နှတ်ဆက်ပြီး အနည်ငယ်ဝေးသော ကားမှတ်တိုင်ကို ရောက်ဖို့ ခက်သွက်သွက်လျှောက်လိုက်သည်။ 

ဆိုက်ကားတစ်ချို့က သူများ စီးမလားထင်ပြီး ခေါင်းလောင်းကို ခပ်လှမ်းလှမ်းက တီးကြသည်။ သူ ရန်ကုန်ေ၇ာက်ကတည်းက ဆိုက်ကားပင် မစီးဖူးတော့ပြီ။ နံနက်စောစောဖြစ်လို့ ကားမှတ်တိုင်မှာ လူရှင်းနေပြီး ကားတွေမှာလည်း ခရီးသည် အနည်းငယ်သာနဲ့ ချောင်ချိနေ သည်။ ဒီတစ်ခုတော့ စိတ်ချမ်းသာရသည်။ သင်တန်းမှာ သူအစောဆုံးရောက် နေမှာပဲလို့ ထင်ခဲ့ပေမယ့် သူ့ထက်စောတဲ့သူ သုံးယောက်ရှိနေသည်။ ဒီနေ့ သူတို့သင်တန်း စာမေးပွဲ ဖြစ်ကြရမည်။ 

ခြောက်နာရီခွဲမှာ စတင်ဖြေဆိုပြီး ကိုးနာရီမှာ ပြီးသွားသည်။ တစ်ခြားသူတွေ ဖြေနိုင်လားဆိုပြီး တစ်ယောက်နဲ့တစ်ယောက် မေးနေချိန် စကားပြော နေချိန်မှာ သူ ခပ်မြန်မြန်ပဲ ကားမှတ်တိုင်ဆီကို လျှောက်လိုက်သည်။ တွေ့တွေ့ချင်း ကားပေါ်ကို လှမ်းဆွဲတက်လိုက်သည်။ကားကလည်း အချိန်ကျပြီမို့ ကြပ်လိုက်ပါဘိ။ နေ့တိုင်း ကြုံနေရတာကို သူ ညည်းမိသေးသည်။  ကားသမားရဲ့ ခရီးသည်ခေါ်သံ ကားသံ အသံမျိုးစုံနဲ့ ဆူညံလှုပ်ရှားလျက်ရှိနေပြီ။ အလျင်လိုနေချိန်မှာ မီးပွိုင့် နောက်တစ်ကြိမ် မိပြန်လို့ သူ စိတ်ညစ်သွားသည်။ ဒီအတိုင်းဆို သေချာပေါက် ရုံးနောက်ကျတော့မည်။ အခု ကိုးနာရီထိုးပြီး ဆယ်မိနစ်ရှိနေပြီ။ ရုံးက ကိုးနာရီဆယ့်ငါ့း အမြဲတက်နေကျ။ နောက်ကျရင် လစာဖြတ်ခံရသည်။ ဒီနေ့လည်း  သူ ရုံးနောက်ကျပြန်ဦးမည်။ 

“ ဆယ့်ငါးလမ်း  ပါသေးလား မှတ်တိုင်မေးရင် ဖြေပေးပါ ”
“ ပါတယ် ပါတယ် ”

ရုံးချိန်မီလိုမီငြားဆိုပြီး သူ မပြေးရုံတမယ် လှမ်းလျှောက်လိုက်သည်။
ဖင်းကားပရင့် နှိုက်လိုက်သည်။ ကိုးနာရီ ဆယ့်ခုနှစ်မီနစ်။ နှစ်မိနောက်ကျရုံနဲ့ နောက်ထပ် ရုံး တစ်ရက် နောက်ကျပြန်သည်။ မီးပွိုင့်မိတာကို စိတ်တိုရမလား မိနစ်အနည်းငယ် နောက်ကျရုံနဲ့ လစာဖြတ်တတ်သော ရုံးစည်းကမ်းကို စိတ်ပျက်ရမလား သူ မသိ။ သေချာတာကတော့ ဒီလကုန်ရင်လည်း လစာတွေ လျော့ဦးမည်။ ထမင်းစားချိန် လက်ဖက်ရည် သောက်ချိန်မှလွဲပြီး အလုပ်တွေကို သူ ဆက်တိုက်လုပ်နေသည်။ ရုံးဆင်းချိန် ငါးနာရီထိုးလို့ ထိုးသွားမှန်းပင် မသိလိုက်။

“ ယဉ်ဦး လိုက်မလား။ ဒီနေ့ ငါတို့ တစ်နေရာရာ မုန့်သွားစားမလို့”                                                                                                             
“ မင်းတို့က ဘယ်သွားမှာလဲ ”
သူ သေချာပေါက် မလိုက်နိုင်မှန်းသိပေမယ့် သွားမယ့်နေရာကို မေးလိုက်သည်။ ရုံးဆင်းချိန်တိုင်း လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက မကြာခဏ ခေါ်နေကျ။ သူကလည်း ခေါ်တိုင်း အမြဲ ငြင်းနေကျ။ အခုလည်း သူ မလိုက်နိုင်။ သင်တန်းသွားဖို့ ရှိနေသေးသည်။
“ မင်းက လိုက်မယ်ပေါ့ ” 
သူ့အကြောင်းကို သိနေတဲ့ ကိုအောင်က ပြန်မေးသည်။ သူ ဘာမှ ပြန်မဖြေပဲ ပြုံးရယ်ပြလိုက်သည်။
“ မင်း လိုက်လည်း လိုက်မှာ မဟုတ်ပဲများ မေးနေသေး ”
“ ကိုအောင်လည်း ကျနော်မလိုက်မှန်းသိရဲ့ ခေါ်နေသေး ”

      သူ စိတ်ထဲမှ ပြန်ပြောလိုက်သည်။ တကယ်တမ်း ပြောလိုက်ရင် ဘယ်နှယ့်များ နေမှာပါ့လိမ့်။ စကားဆက်မပြောတော့ပဲ ကိုအောင်ကို နှတ်ဆက်ကာ ခပ်သုတ်သုတ်ပဲ ထွက်လာလိုက်သည်။ မှတ်တိုင်နဲ့ ရုံးနဲ့ နည်းနည်း ဝေးနေတာကို သူ ဘဝင်မကျချင်။

“ လာကွာ ယဉ်ဦး သင်တန်းစချိန်လိုပါသေးတယ် တီးဆိုင်ခဏထိုင်ရအောင် ”
“ အင်း ထိုင်လေကွာ”
အဂ်လိပ်စာသင်တန်းမှ သူငယ်ချင်း အောင်ခန့်က လက်ဖက်ရည်ဆိုင်ခေါ်တာကို မလိုက်ချင်းဘူးဆိုပြီုးငြင်းချင်ပေမယ့် မကောင်းတတ်တာနဲ့ လိုက်ထိုင်ဖြစ်သည်။
“ မင်းဘာသောက်မလဲ ”
“ ငါမသောက်တော့ဘူး  ငါ ရုံးက သောက်လာလို့ ”

              အမှန်တော့ သူ ရုံးက ဘာမှ သောက်မလာခဲ့။ သူတို့ ဆိုင်ထိုင်တိုင်း အောင်ခန့်ကပဲ အမြဲပိုက်ဆံရှင်းသည်။ လက်ဖက်ရည်သောက်ချင်သော်လည်း သည်တစ်ကြိမ်မှာ သူ မရှင်းပြန်ရင်လည်း မကောင်း။ အခြေအနေရ ပိုက်ဆံကလည်း ပြတ်နေပြီဖြစ်သည်။ သူ ဘာမှ မမှာတော့။ ကိုယ်က ဘာမှ မစားမသောက်တော့ ပိုက်ဆံမရှင်းတာကိုလည်း လိပ်ပြာမလုံစရာမရှိ။ 

“ မင်း အဆင်ပြေတယ်မဟုတ်လား ”
              ဒါက အောင်ခန့် သူ့ကို အမြဲမေးသော မေးခွန်းဖြစ်သည်။ နယ်ကလာပြီး အလုပ်တစ်ဖက်နဲ့ သင်တန်းတွေတက်နေသော သူ့ကို အောင်ခန့်က မကြာခဏ မေးတတ်သလို လိုအပ်ရင်လည်း ကူညီတတ်သည်။ အောင်ခန့်လည်း နယ်ဘက်က ဖြစ်ပေမယ့် အဒေါ်အိမ်ကနေ သင်တန်းတက်နေလို့ ပူပင်စရာမရှိသူ ဖြစ်သည်။ ဒါ့အပြင် နယ်မှ အောင်ခန့်မိဘတွေကလည်း ပိုက်ဆံရှိသူတွေ ဖြစ်သည်။ သူ့မှာသာ ရွာမှာ ရှိတဲ့ မိဘဆွေမျိုးတွေကလည်း တစ်နိုင်တစ်ပိုင် အလုပ်ကို လုပ်ကိုင်သူတွေ ဖြစ်သည်။ သူ့ကိုလည်း မထောက်မပံ့နိုင်။ သူ့ဆီကပင် တစ်ခါတစ်ရံ ပိုက်ဆံ လှမ်းမှာတတ်သေးသည်။

“ ဒီလိုပါပဲကွာ” ဒါကလည်း  သူ အမြဲ ပြန်ပြောနေကျ။
“ ကဲ သွားကြရအောင် သင်တန်းစတော့မယ် ”

နှစ်ယောက်သား လက်ဖက်ရည်ဆိုင်မှ ထလာသည်။ လူစုံနေပြီဖြစ်လို့ သင်တန်း စသင်သည်။ ခုနှစ်နာရီခွဲချိန်မှာ သင်တန်းဆင်းသည်။ သူ အဆောင် ပြန်ရောက်တော့ ရှစ်နာရီ ကျော်နေပြီ။ ထမင်းစာဖို့ ရောက်ရောက်ချင်း ထမင်းပေါင်းအိုး ကောက်တည်လိုက်သည်။ 

မနက်စာကို ကောင်ညင်းပေါင်း။ နေ့စာကို ရုံးမှာ သူ စားပြီး ညနေစာကိုတော့ ချက်စားသည်။ ဟင်းလည်း ချက်မနေပဲ ဖြစ်သလိုပဲ စားသောက်သည်။ ထမင်းအိုး တည်ထားရင် ရေချိုးလိုက်သည်။ နောက် ထမင်းစားသည်။ သူထမင်းစားနေတဲ့အချိန် အဆောင်ပိုင်ရှင် ဦးကြည်မြင့် နဲ့ လူတစ်ယောက် အခန်းထဲ ဝင်လာသည်။ သူနဲ့ အသက်မတိမ်းမယိမ်း။ လူပုံကတော့ သားသားနားနား။ ခေတ်စံတိုင် အပြည့်နဲ့။ အီမို ဆံပင်ပုံစံ။   စကန်နီ ဘောင်းဘီ အကျီတိရှပ်နဲ့။ မျက်နှာကျက ယောက်ျားပီသသလို မျက်ခုံးထူထူ။ နှုတ်ခမ်းမွေးရေးရေး။ အသားကလည်းခပ်ဖွေးဖွေး။ မြင်မြင်ချင်း ယောက်ျားချင်းချင်းဖြစ်ပါလျက် လူချော လူဖြောင့်မှန်း သူ သတိပြုမိသည်။

“ ယဉ်ဦး ဒါ အဆောင်ကို အသစ်ပြောင်းလာတဲ့သူ မင်းအခန်းက လွတ်နေတာနဲ့ သူ့ကို မင်းအခန်းမှာ ထားမှာ ဟိုကောင် ကျော်ကြီးလည်း ပြန်လာမှာ မဟုတ်တော့ဘူး ”
“ ဟုတ်ကဲ့ ကျနော့်ကို ပြန်လာမယ်လို့တော့ ပြောသွားတာပဲ။ အင်း ပြန်လာချင်မှလည်း လာမယ်ထင်တယ် ”
  အဲကောင် ပြန်မလာတော့ပါဘူး ”

သူ နေသော အဆောင်မှာ နှစ်ယောက်တစ်ခန်း တစ်ယောက်တစ်ခန်း သုံးယောက်တစ်ခန်း စတဲ့ အခန်းတွေ ဖွဲ့ထားသည်။ အခန်းတိုင်းမှာ လူအပြည့်။ လူတွေက လာနေလိုက်။ ပြောင်းသွားလိုက်နဲ့ အမြဲ အသစ်အဟောင်း လဲလှယ်လျက်ရှိသည်။ သူနဲ့ ကိုကျော်ကြီးနှစ်ယောက်သာ သည်ဆောင်မှာ အကြာဆုံးနေသူတွေ ဖြစ်သည်။ နှစ်နှစ်ကျော်ခဲ့ပြီ။ ပြီးခဲ့တဲ့ တစ်လောက်လကပဲ ကိုကျော်ကြီးက ပြန်သွားပြီ။ အချိန်အကြာကြီး ကိုကျော်ကြီးနဲ့ နေလာခဲ့ပြီး ညီအစ်ကိုပမာဖြစ်ခဲ့သည်။ သူ့ကိုလည်း အစစအရာရာ ကူညီပေးခဲ့သည်။ ညီတစ်ယောက်လို ဆုံးမခဲ့သည်။ အခု သူလုပ်နေတဲ့ အလုပ်ပင် ကိုကျော်ကြီးက ရှာပေးခဲ့တာဖြစ်သည်။ ရန်ကုန်မှာ အခုချိန်ထိ သိပ်အခက်အခဲမရှိပဲ နေနိုင်ခဲ့ခြင်းမှာ ကိုကျော်ကြီး ကျေးဇူးကြောင့် ဖြစ်သည်။ အဆောင်ရှင်ကို ပြန်လာချင်လာမှာလို့ ပြောပေမယ့် ကိုကျော်ကြီး က အပြီးပြန်သွားမှန်း သူ သိထားသည်။  အခု လူသစ်တစ်ယောက်ေ၇ာက်လာသည်။ ဘယ်လို စခန်းသွားရမလဲ မသိ။

“ သူ့နာမည်က ယဉ်ဦးတဲ့ မင်း မင့်နာမည်က ဘယ်သူ ”
“ သီဟသူ ပါ ”
ဦးကြည်မြင့်က သူနဲ့ လူသစ်ကို မိတ်ဆက်ပေးသည်။ နာမည်ကလည်း တင်စီးလိုက်တာ “ သီဟသူ ”ဆိုပဲ ။ လူပုံနဲ့ နာမည်ကတော့ လိုက်သားပဲဟု သူ တွေးမိလိုက်သည်။
“ ကဲ ငါသွားမယ် ချစ်ချစ်ခင်ခင် နေကြပေါ့ကွာ တစ်ခန်းတည်း နေရပြီဆိုတော့ ”

သူ ဘာမှပြန်ပြောပဲ ထမင်းဆက်စားလိုက်သည်။ ဟို အသစ်ကောင် သီဟသူလည်း သူ့အိတ်ကို ဖွင့်ကာ ပြင်ဆင်နေသည်။ “ စားဦးလေ ” ဆိုပြီး သူက ရင်နီး ဖော်ရွေသမှု့နဲ့ ပြောပေမယ့် သူ့ကို အရေးမလုပ်။  ဘာမှ ပြန်မပြောပဲ သူ့ကိုပြန်ကြည့်သည်။  နည်းနည်းတော့ စိတ်ချင်ပေါက်သွားသည်။ ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု ထုတ်နေသည်။ မသိမသာ သူလည်း ကြည့်မိသည်။ 

အလှကုန်ပစ္စည်းတွေက နည်းနည်းနောနော မဟုတ်။ မိန်းမတစ်ယောက်ထက်ပင် ပိုချင် ပိုဦးမည်။ အိပ်ရာခင်းကို သေချာပြင်ပြီး ဝတ်လာတဲ့ အကျီကို ချိတ်နဲ့ ချိတ်နေသည်။ 

“ ရေချိုးခန်းက ဘယ်မှာလဲ”
“ ဟိုနောက်သွား ဘယ်ဘက်ချိုးလိုက် ”
သူ ထမင်းစားပြီး စာအုပ်ဖတ်နေချိန်မှာ သီဟသူ  ရေချိုးပြီး ပြန်လာသည်။ သူ စာအုပ်ကို ဆက်ဖတ်နေသည်။ မွေးကြိုင်သော အနံ့က ပျံနှံ့လို့လာသည်။ တစ်မျိုးပြီး တစ်မျိုး ဆွတ်ဖျန်းလိမ်းနေတဲ့ သီဟသူကို မသိမသာ လှမ်းကြည့်မိသည်။ ပစ္စည်းတွေကို စားပွဲပေါ် စီစီရီရီ ထားနေသည်။ 

ကုတင်နှစ်လုံးကြားတွင် စားပွဲရှည်တစ်ခု အခန်းတိုင်းမှာ ရှိသည်။ လူနှစ်ယောက်၏ အသုံးအဆောင်တွေထားဖို့ လုံလောက်သည်။ သူ့ဖက်ခြမ်းမှာ စာအုပ်တွေကလွဲပြီး တစ်ခြားဘာမှ မရှိ။ ကိုကျော်ကြီးနဲ့ နေစဉ်က ကိုကျော်ကြီးမှာလည်း ပစ္စည်းသိပ်မရှိခဲ့။ သီဟသူကတော့ သူ့အသုံးအဆောင်တွေဖြစ်တဲ့ အလှကုန်ပစ္စည်းများ ဖန်စီပစ္စည်းတွေ အခြားသောအ၇ာတွေကို တင်နေသည်။ သူလည်း အလိုက်တသိနဲ့ စာအုပ်တွေကို သူ့ဘက် အနည်းငယ် ရွေ့ပေးလိုက်သည်။ သီဟသူ ပစ္စည်းတွေကြည့်ပြီး သူ့မှာ ရှိတဲ့ မျက်နှာသစ် တစ်ဗူး။ အပေါစား ရေမွေးတစ်ပုလင်း တန်းဖိုးနည်း ခေါင်းလိမ်း ဂျယ်လ် တို့သာ ရှိတာကို တွေးပြီး ပြုံးလိုက်မိသည်။ 

“ ကဲ အပြင်သွားလိုက်ဦးမယ်ကွာ နောက်ရက်မှ ဘော်ဒါအထိမ်းအမှတ်နဲ့ တစ်ခုခု ကျွေးမယ် ခုတော့ မအားလို့ ”
“ အော် ရပါတယ်ကွာ အဆောင်က ကိုးခွဲဆို ပိတ်တာနော် ”
သူ သတိပေးတာကို အစောကတည်းက သိထားလို့လား  ဘာလားမသိ ဘာမှ ပြန်ပြော။ အပြင်ကို ထွက်သွားသည်။ အပြင်မှာသွားခင် ဘုရား ကန်တော့သွားသည်။ ဘုရားနဲ့ တရားနဲ့ပါလား။
“ ဟင်း ”
တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ရှိတော့မှ သူလည်း သက်ပြင်းအရှည်ကြီး ချမိလိုက်သည်။ သီဟသူနဲ့ ဘယ်လိုပုံစံ ဘယ်လိုစခန်းသွားရပါ့မလဲလို့ တွေးပူမိသည်။ လူပုံစံကတော့ သန့်သန့်ပြန့်ပြန့်။ ပစ္စည်းတွေကိုလည်း စနစ်တကျ ထားသည်။ သူ့လိုပဲ သန့်သန့်ရှင်းရှင်း နေတတ်ပုံရသည်။ ဒီတစ်ခုတော့ တော်သေးသည်။ အခန်းက ကျဉ်းကျဉ်း ရှုပ်ရှုပ်ပွပွ ဆို သူ မနေတတ်။သေချာတာကတော့ သူနဲ့က ဆန့်ကျင်ဘက်။ စားပွဲပေါ်ကြည့်ရုံနဲ့ သိသာနေပြီ။  

ဖတ်လက်စ စာအုပ်ကို ဆက်ဖက်နေလိုက်သည်။ ဆယ့်တစ်နာရီခွဲမှာ ဘုရားရှစ်ခိုး အိပ်ရာဝင်လိုက်သည်။ ဆယ့်နှစ်နာရီ ထိုးပြီမို့ သကောင့်သားကတော့ ပြန်မလာတော့ သေချာသည်။ ဘယ်လိုလူလဲဆိုပြီး တွေးရင်း သူလည်း အိပ်ပျော်သွားသည်။ မနက်လင်းလို့ ပုံမှန်အတိုင်း လုပ်စရာလုပ်ပြီး သူ အပြင်ထွက်တဲ့ အချိန်ထိ သီဟသူ ပြန်မလာသေး။ တစ်ချောင်းသာ ရှိတဲ့ အခန်းသော့ကို အဆောင်ပိုင်ရှင်အား ပေးထားခဲ့ရသည်။ အဆောင်ကိုေ၇ာက်လာတဲ့ ရက်မှာပဲ အဆောင်မှာမရှိပဲ တစ်ညလုံး ပြန်မလာသော သီဟသူ သည် ဘယ်လို လူစားမျိုးလဲဆိုတာကို ယဉ်ဦး သိချင်သည်။

အခန်း  2

“ ဖြန်း ”
ဘယ်ဘက်ပါးပြင်ပေါ်သို့ မိန်းမတစ်ယောက်၏ လက်ဖဝါးဖြင့် ရိုက်ခံလိုက်ရချိန်မှာ မိန်းမဆိုတာ အားနွဲ့တတ်ပေမယ့် အားပျော့သူတွေ မဟုတ်မှန်း သီဟသူ တတိယအကြိမ်အဖြစ် သိလိုက်ပြန်သည်။ ငြိမ်သက်တိတ်ဆိတ်သော ပတ်ဝန်းကျင်မှာ ထို အသံ ပေါ်လာပြီးနောက် ငိုရှိုက်သံတစ်ခု ကြားနေရသည်။ သူသည်  ရှေ့တည့်တည့်ရှိ ရေပြင်ကို အဓိပ္ပာယ်မဲ့စွာ ကြည့်နေသည်။ သူမကတော့ ခုံတန်းလျားပေါ် အရုတ်ကြိုးပြတ် ထိုင်ချလိုက်သည်။

မျက်ရည်ကျတာ ငိုတာ မိန်းမတွေရဲ့ မာယာလား။ လက်နက်လားဆိုတာကို သိခဲ့ပေါင်း များပါပြီလေ။ အခု ငိုကြွေးနေသော မိန်းမကတော့ ထိုအရာတွေအတွက် မဟုတ်ဆိုတာ သူ သိနေရဲ့သားနဲ့ သူ မချော့ မနှစ်သိမ့်။ အချိန်အတော်ကြာတဲ့အထိ သူမ ဝမ်းနည်းစွာ ငိုနေသည်။ သူ မဆိုင်သလိုပင် ဟိုး ရှေ့တည့်တည့် အဝေးတစ်နေရာကိုသာ လှမ်းကြည့်နေသည်။ 

“ အချစ်ဆိုတာကို တန်ဖိုးမထားတတ်တဲ့ ယောက်ျားတစ်ယောက်မှန်း သိရက်နဲ့ ချစ်ခဲ့မိတာကိုက ညီမ အမှားပါ။ အချစ်ရဲ့ တန်ပြန်တိုက်ခိုက် သက်ရောက်မှု့ကို  မခံရစေနဲ့လို့ ဆုတောင်းပေးခဲ့ပါတယ်။ သီဟသူ ”
သူမ ထွက်သွားမှန်း သိလျက်နဲ့ သူမကို တစ်ချက်လေးမှ လှည့်မကြည့်။ သစ်ပင်မှ သစ်ရွက်လေးတစ်ရွက်ကို ခူးပြီး ရေထဲ ပစ်ချလိုက်သည်။ ဖြတ်တောက်လိုက်ခြင်းဟာ ပြန်ဆက်ဖို့မှ မဟုတ်ပဲ။ လှည့်ကြည့်စရာလည်း မလို။ နောက် သနားစရာ လွမ်းမောစရာလည်း မလို။ သူမ မရှိတော့ သူ ခုံပေါ်မှာ ထိုင်ချလိုက်သည်။ သူ့အတွက် ဒါမျိုးတွေက ရိုးအီနေခဲ့ပါပြီလေ။ မောင်လို့ ချိုနွဲ့စွာ ခေါ်ခဲ့သော သူမသည် အခုတော့ သီဟသူတဲ့။ သူမ ခံစားသွားရတာကို စာနာမိသော်လည်း ဒါကပင် တစ်ချိန်မှာ သူမကို သူ့လို ဖြစ်ကောင်း ဖြစ်သွားနိုင်အောင် သက်ရောက်နိုင်ပါလိမ့်မည်။

 ဘာတဲ့ အချစ်ရဲ့ တန်ဖိုး။ အချစ်ရဲ့ တန်ပြန်တိုက်ခတ်မှု့။ သူ မဲ့ပြုံးလေး တစ်ချက် ပြုံးလျက်မိသည်။ ဘာကို အချစ်လို့ ခေါ်တာလဲ။ သူ ရည်းစားတွေ ထည်လဲတွဲခဲ့တာ အချစ်အတွက်မှ မဟုတ်ပဲ။ ချစ်တယ် ချစ်တယ်လို့ သူ့ရဲ့ ရင်ထဲက လာတာ မဟုတ်တာကို ထိုမိန်းမများက အဟုတ်ထင်ခဲ့ကြသည်။ မြတ်နိုးခဲ့ကြသည်။ အချစ်ဆိုတာကိုရော ထိုမိန်းမတွေက ဘယ်လောက်များ တန်ဖိုးထားနေကြလို့လဲ။ 

 သူမကို စတင် သိကျွမ်းခဲ့ပုံက ဘာမှ အဆန်းတကြယ် မဟုတ်ခဲ့။ သာမန် တွေ့ဆုံခဲ့ရုံလေး ဖြစ်သည်။ သူ့အသိသူငယ်ချင်း ထင်ဇင်က သူ့ကောင်မလေးနဲ့ တွေ့ဆုံဖို့ရာ  အင်လျားကန်ဘောင်သို့ သွားခဲ့သော တစ်နေ့ သူ  အဖော်လိုက်ခဲ့ချိန်မှာ သူငယ်ချင်း၏ ကောင်မလေးနဲ့အတူပါလာသော သူမနဲ့က မိတ်ဆက်ပေးရုံဖြင့် သိကျွမ်းခဲ့သည်။ ထိုအချိန်တုန်းက သူမပုံစံက ရှက်ရွံနေပုံ မရှိ။သူမကို တစ်ချက်ကြည့်ရုံနဲ့ လှတဲ့ကောင်မလေးတစ်ယောက်လို့ လက်ခံရမည်။ ဒါပေမယ့် နှစ်ခါပြန်ကြည့်ရအောင်လောက်ထိတော့ သူမ ညှို့ယူနိုင်စွမ်းမရှိပါ။ မျက်လုံးလေးတွေ ရွန်းလဲ့နေတာ။ မျက်ခုံးမွေး ကောက်ကြောင်း နှစ်ခုက လှပနေတာ နှုတ်ခမ်းလေးတွေက ပန်းရောင်သွေးနေတာတွေက ချစ်စဖွယ် ကောင်မလေး တစ်ယောက်ဆိုတာ ကိုတော့ သူ လက်ခံသည်။

  သူငယ်ချင်းနဲ့ သူမကောင်မလေး တွေ့ချိန်မှာ အနှောင့်အယှက် မပေးလိုစွာနဲ့ သူမကို ကန်ဘောင်ပေါ်လမ်းလျှောက်ဖို့ သူ ခေါ်ခဲ့သည်။ သူမကလည်း အလိုက်သိတာလားတော့ မသိ။ မငြင်းပဲ လိုက်ခဲ့သည်။နောက် ခင်မင်ခဲ့သည်။ အခုမှ စတင်သိသော မိန်းကလေးတစ်ယောက်နဲ့ အင်းလျားရေပြင်ကို ငေးကြည့်ရင်း လမ်းအတူတူ ယှဉ်တွဲပြီး လျှောက်ရတာ တစ်ခြား သူတွေဆို အနည်းဆုံး ရင်ခုန်လိမ့်မည်။ လေအဝေ့မှာ လွင့်လာသော သူမ၏ ဆံပင်ရနံ့ကို ငြိတွယ်သွားလိမ့်မည်။ သူမဆီမှ ရနံ့သင်းသင်းမှာ တက်မက်သွားနိုင်သည်။ စကားပြော ချိုချိုလေးက ဖမ်းစားနိုင်သေးသည်။ သီဟသူ ဘာခံစားမှု့မှ မရရှိခဲ့။ သူ့အတွက်တော့ မိန်းမတစ်ယောက်နဲ့ အတူယှဉ်တွဲ လမ်းလျှောက်ရခြင်းသည် ဘောလုံးပွဲတစ်လောက်ပင် ရန်ခုန်စရာ မကောင်းပါ။ 

သူ စကားပြောဖို့မလိုအောင် သူမကသာ စကားတွေ ပြောနေတော့သည်။ ဘာမှ ထူးထူးဆန်းဆန်းမဟုတ်။ မိန်းမတွေဆီမှ သီဟသူ အမြဲကြားနေရတတ်သော စကားတွေသာ ဖြစ်ခဲ့သည်။ အဲလောက်ထိ စစချင်း ရင်းနှီးလွယ်ခဲ့သည်။ 

“ ခွန်းချိုကတော့ မင်းကို ငြိသွားပြီ။ မင်း ငါ့ကို ဘာကျွေးမလဲ ”
သူတို့ လမ်းခွဲလမ်းကြပြီးနောက် သူငယ်ချင်းက သူ့ကို ဝမ်းသာစွာ ပြောနေသည်။
“ ဒီတစ်ယောက်တော့ မဖြစ်နိင်ဘူး ထင်တယ်”
“ ဘာဖြစ်လို့လဲ။ သီဟသူ ဆိုတဲ့ လူအတွက် အရမ်းခက်ခဲနေလို့လား ”
သူငယ်ချင်းက သူ့အကြောင်းများ သိထားသူပီပီ သူ့စကားကို မယုံကြည် လက်မခံချင်။
“ ဘာဖြစ်ရမှာလဲကွ ငါ့အကြောင်းတွေကို မင်းဆော်က အကုန်သိထားတာလေ ”
သူငယ်ချင်း၏ ချစ်သူ မေသန္တာက သူ့အကြောင်းကို တော်တော်များများ သိရှိထားသည်။ သူ မိန်းမ ပွေတာ ရှုပ်တာ။ ရည်စားတွေ မကြာခဏ တွဲလိုက် ပြတ်လိုက်ဖြစ်နေတာတွေကို ခွန်းချိုကို ပြောပြမှာ သေချာသည်။
“ မင်း ပြောသလို မေက ခွန်းချိုကို ပြောမှာသေချာပါတယ်။ ဒါပေမယ့် ခွန်းချို မင်းကို ငြိသွားပြီဆိုတာ သေချာပါတယ်။ မေ ပြောမယ့် မင်းအကြောင်းတွေကို ယုံကြည်ရင်တောင် မင်း အကြောင်းတွေ ကြားရလို့ ကျေနပ်နိုင်သေး။ ”
“ မေသန္တာက တားရင်ရော ”
သူငယ်ချင်း ပြောတာကို သီဟသူ  မေးခွန်းထပ်ဆင့်မေးလိုက်သည်။
“ ဒါဆိုရင် မေနဲ့ အခေါ်အပြော လုပ်ချင်မှ လုပ်တော့မှာ ”
“ မင်း ဟာက သေချာလှချည်လား ”
“ င့ါမပြောပါနဲ့ သီဟသူရာ မင်းလည်း သိတယ်မဟုတ်လား။ မင်း နည်းနည်း ကြိုးစားကြည့်လိုက်ပါ။ မင်းအတွက် အရှုံးမရှိနိုင်ပါဘူး ”
“ ငါက မြတ်မှ ကျေနပ်တာလေ ”

           သူငယ်ချင်း ထင်ဇင် ရဲ့ အထင်တွေက မှန်ခဲ့သည်။ မကြာခင်အချိန်မှာ သူမနဲ့ ချစ်သူတွေ ဖြစ်ခဲ့တယ်လို့ ပြောရမည်။ သူမအချစ်ကို ရဖို့ ဘာမှ မခက်ခဲ့ပါ။ ဆွဲဆောင် သိမ်းသွင်းဖို့ထိလည်း မလိုအပ်ခဲ့ပေ။  

တကယ်တော့ သူမကို သူ မချစ်ခဲ့ပါ။ သူ မချစ်ဘူးဆိုတာကို သူမကိုယ်တိုင်လည်း သိလိမ့်မည်။ သိဖို့ ရာခိုင်နှုန်းက များသည်။ ဒါကို သူမက နှစ်ဆယ့်လေးနာရီ မပြည့်မီ ချစ်တယ် လို့ အဖြေပြန်ပေးခဲ့သည်။သူမကရော သူ့ကို တကယ်ချစ်ခဲ့လို့လား။ ဘာကြောင့် သူ့အချစ်ကို လွယ်လင့်တကူ လက်ခံလိုက်တာလဲ။ မေသန္တာဆီမှ သူ့အကြောင်းတွေကို သိရှိခဲ့တယ်ဆိုတာကို ထင်ဇင် ပြန်ပြောလို့ သိခဲ့သည်။ မေသန္တာနဲ့ ခွန်းချိုတို့ အခင်အမင် ပျက်ပြားသွားတဲ့အထိတော့ မဖြစ်ခဲ့။ 

အခု သူက အကြောင်းပြချက် မရှိ လမ်းခွဲဖို့ ပြောချိန်မှာ ဘာကြောင့် သူမ ထိခိုက်သွားခဲ့တာလဲ။ အစကတည်းက မချစ်မှန်း သိလျက်နဲ့ထို ယောက်ျားကို ချစ်ပါတယ်လို့ ဆိုခဲ့သော သူမက အခုတော့  ကြေကွဲဝမ်းနည်း ပြနေသည်။ သူမနဲ့ ရည်းစားဟု ပြောရမယ့် သုံးလတာ ကာလအတွင်းမှာ သူ့မကို သူက ချစ်များ ချစ်လာလေမလားဆိုပြီး မျှော်လင့်ခဲ့လို့လား။  ဒါဆိုရင်တော့ သူမ အမှားပင်။ သူမကို  မချစ်ခဲ့ပါ။ လုံးဝ မချစ်ခဲ့ပါ။ သူမမှ မဟုတ် ဘယ်မိန်းမကိုမှ သီဟသူ မချစ်ခဲ့ပါ။ သီဟသူဆိုသော သူ့မှာ အချစ် မရှိပါ။

အခန်း  3

အေးအေးနု အခန်းသို့ ပြန်ရောက်ရောက်ချင်း အိပ်ရာပေါ်သို့ အရုပ်ကြိုးပြတ် ပစ်လှဲအိပ်ချလိုက်သည်။ ဟူး။ အခုမှပဲ သက်သောင့်သက်သာ ရှိသွားတော့သည်။ တစ်နေကုန်နီးပါး မတ်တပ်ရပ်ခဲ့ရပြီး အဆောင်ပြန်လာတဲ့ အချိန်မှာလည်း ကံဆိုးစွားနဲ့ ကားက ထိုင်ခုံမရသည့်အတွက် တစ်လမ်းလုံး မတ်တပ်ရပ်ခဲ့ရသည်။ အခု နေသာထိုင်သာ ရှိသွားသည်။ ဘာမှ မတွေး ဘာမှမလှုပ်မရှပ်နဲ့ သူမ မှိန်းလိုက်သည်။ ခဏကြာ။ သူမကို အနံ့နဲ့ အသံတစ်ခုက ဆွဲငင်လိုက်လို့ မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ 

“ တည်ငြိမ်လေးနက်သော အချစ်တို့နဲ့ ချစ်ခဲ့ရသူလေးပါ။ ကျမရဲ့….အော် အေး ပြန်ရောက်နေပြီလား ”
အေးအေးနုနဲ့ တစ်ခန်းတည်း အတူနေ သူငယ်ချင်း မေမွန်သော် ရေချိုးပြီး အခန်းထဲ ဝင်လာသည်။ ရေချိုးသန့်စင်လာပြီး သီချင်းလေး ညည်းလာသော မေမွန်ကြောင့် သူမ ပင် လန်းဆန်းသွားသည်။
“ အေး ဟုတ်တယ် အခုမှ ပြန်ရောက်တယ် ”
မေမွန်သော် အမေးကို ဖြေရင်း မေမွန်ကို သူမ ငေးကြည့်နေမိသည်။ 
 
အသားဖြူဝင်းတဲ့အပြင် ပါးလေးတွေက ပန်းရောင်သွေးနေသည်။ မျက်လုံးလေး ဝိုင်းဝိုင်းစက်စက်။ မျက်ခုံး လေးတွေက တစ်ခြားသူတွေနဲ့ မတူ ပုံစံလေးကို မေ ပိုင်ဆိုင်ထားသည်။ 

ဘယ်အချိန်ကြည့်ကြည့် မေသည် လှပသော မိန်းကလေး။ ဆွဲဆောင်မှု့ ရှိသော မိန်းကလေးမို့ အေးနု တစ်ခါတစ်လေ မနာလိုပင် ဖြစ်မိ၏။ သူမ ပုံစံကို ကြည့်ပါ့လား။ အသားမဖြူ မညို သာမန် မျက်လုံး သာမန် မျက်ခုံး သာမန်ထက် မထူးခြားသော သူမသည် သာမန် ရွက်ကြမ်း ရေကြို မိန်းကလေး ဖြစ်သည်။ ဒါ့ထက် အမြဲတမ်း ခပ်ကုပ်ကုပ်နေတာက သူမကို ပိုပြီး ဆိုးစေသည်။ 

“ အော် အေး အစောပိုင်းတုန်းက မင်းအိမ်က ဖုန်းလာသေးတယ်ကွ ”
သူမ ပြန်မမေးမိ။ အိမ်က ဆက်မှန်းသိသည်။ ဘာအကြောင်းကြောင်းမှ မရှိပဲ သူမကို စိုးရိမ်လို့ဆိုပြီး အိမ်က အမြဲဆက်သည်။ သူမ အဆင်ပြေကြောင်း ကြိုးစားနေကြောင်း ဒါတွေပဲ အမြဲ ပြန်ပြောသည်။

“ ဘာပြောပေးရမလဲဆိုတော့ ရတယ် အရေးမကြီးဘူး ပြောတယ်။ ငါကတော့ ငါအိမ်ကို အဆင်ပြေတယ်လို့ပဲ ပြောခိုင်းလိုက်တယ်”
မေမွန်သော်သည် သူမနဲ့ စကားပြောရင်း အဝတ်အစားလဲ လျက်ရှိပြီး တစ်ခု ပြီး တစ်ခု လိမ်းခြယ်သ နေသည်။ သူမကတော့ မေ ပြောတာကို နားထောင်လိုက် မေ့ကို ကြည့်နေလိုက်မိသည်။
“ မေမွန်သော် ဧည့်သည်လာတယ် ”
ခေါင်းလောင်းကြိုးဆွဲသံနဲ့အတူ အဆောင်သူတစ်ဦးက မေကို လှမ်းအော်ပြောလိုက်သည်။
“ဲ လာပြီလို့ ပြောလိုက် ”
          မေ တစ်ယောက် ခန္ဓာကိုယ်လေးကို ရှေ့တည်တည့်မှ တစ်မျိုး နောက်လှည့် ဘေးတိုက် အမျိုးမျိုးက ကြည့်ပြီး အခန်းထဲမှ ထွက်သွားသည်။

    နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရလို့ ဘယ်သူလဲလို့ဆိုပြီး မေ့ကို မေးစရာမလို။ အေးအေးနု သိသည်။ ဘယ်သူရှိမှာလဲ မေမွန်သော်ရဲ့ ရည်းစားလို့ ပြောသူပေါ့။

အေးအေးနုနဲ့ မေသည် တစ်ခန်းတည်း အတူနေ သူငယ်ချင်းများ ဖြစ်သော်လည်း စရိုက်က ကွာခြားသည် ပြော၇မလားမသိ။ မေသည် နဂိုအလှကို အမြဲလို ပြင်ဆင်ခြယ်သသည်။ လှလှပပလေး အမြဲ ဝတ်ဆင်သည်။ စားစရာ မရှိချင်နေ အလှအပ အသုံးအဆောင် ပစ္စည်းများကို အမြဲလို မပြတ် ဝယ်တတ်သူမျိုးဖြစ်သည်။ အေးရဲ့ ပုံစက မေနဲ့ အသွင်မတူ ကွဲပြားခြားနားသည်။ ပြင်ဆင်ခြယ်သခြင်းလည်း မရှိ။ ရိုးရာ သနပ်ခါးကိုသာ နှစ်ခြိုက်စွာ လိမ်းခြယ်သည်။ ရုံးသွားလည်း သနပ်ခါးရည် ကျဲကျဲလေးကို လိမ်းသွားရုံပဲ။ ဘာမှ ထူးထွေပြင်စရာ သူမ အတွက် မလို။ အင်းလေ ပြောလို့သာ ပြောတာပါ။ သူမပုံစံက ရန်ကုန်လို မြို့ကြီးမှာတော့ အနည်းငယ် တောဆန်နေသည်။ သူမကတော့ ဘာကိုမှ ဂရုမစိုက်ပေါင်။ တောသူ ပြောပြော အညာသူပဲ ဆိုဆို ဘယ်သူ့ကိုမှ ဝန်တို စိတ်ဆိုးခြင်း မရှိ။

 မေက ပြောပါတယ်။ သူ့ပစ္စည်းတွေ ယူသုံးဖို့။ သူလို့ နေဖို့။ အဲလို ပြောတဲ့ မေမွန်သော်ကို သူမ ကျေဇူးတင်မိပါသည်။ ယူသုံးတာ ဟုတ်ပါပြီတဲ့။ အမြဲတမ်း ခဏခဏဆို ကောင်းမှာ မဟုတ်ဘူးလေ။ ကိုယ်ကိုတိုင် ဝယ်သုံးဖို့ဆိုတာကလည်း သူ့လို ပစ္စည်းတွေက ဈေးက ကြီးပါဘိ။ တစ်လ လုပ်အားခ မဖြစ်စလောက်လေးနဲ့ အဲလို သုံးစွဲ နေနိုင်ဖို့ဆိုတာ ဝေလာဝေး။ မေကသာ အလုပ်ပြင် သူ့အိမ်ကလည်း လိုသလောက် လှမ်းမှာ၇်ျ ရသည်။ နောက်ပြီး လစာကလည်း သူမထက် များသည်။ သည်အကြောင်းတွေ စဉ်းစားမိပြီဆို ကိုယ့်အိမ်ကိုပဲ အပြစ်တင်မိသည်။ ဟုတ်သည်လေ။ မေမွန်သော်ဆို သင်တန်းတက်ပြီး အလုပ်ဝင်တော့ သူ့ထက် လစာကောင်းသည်။ သူမကသာ ဘယ်သင်တန်းမှ မတက်နိုင်။ သူမ ရန်ကုန်ဆင်းလာတော့ ပိုက်ဆံ မရှိမဲ့ ရှိမဲ့နဲ့ ရောက်လာခဲ့သည်။ အလုပ်ရှာသည်။ အလုပ်က မြန်မြန်လေး ရလို့သာ တော်သေးသည်။

ဘာလိုပဲဖြစ်ဖြစ် မေသည် သူနဲ့ တစ်နယ်တည်းသားချင်းတွေ ဖြစ်သလို ခင်စရာကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပင် ဖြစ်သည်။ မေပြောတာကို သူမ ဂရုမစိုက်သည့်အခါ အရေးမလုပ် တစ်ခြား သူငယ်ချင်းတွေကို သွားပြောလေ့ရှိသည်။

“ အေးက တို့ပြောတာကို အဖတ်မလုပ်ဘူးနော် ”
မေ သည်စကားပြောတာကလည်း သူမကို စိတ်ဆိုးလို့မဟုတ် သူ့မပုံစံကို အားမရ၇်ျ ပြောခြင်း ဖြစ်သည်။ ပြောပြီး ပြီးသွားသည်။

 မေနဲ့သူမသည် တစ်ခြားစီမှ တစ်ခြားစီ။ မေသည် မိန်းမပီသသူ။ သပ်သပ်ရပ်ရပ် နေသည်။ စပ်စပ်စုစု ရှိသည်။ အတင်းပြောသည်။ သူမကတော့ မိန်းကလေးလို့ကို ပြောမရအောင် အဆောင်နေသူများနဲ့ သိပ် တရင်းတနှိး မရှိပါ။ အမှန်ဆို မိန်းကလေးပဲ မေမွန်သော်လို နေရမှာ။ အလှအပအတွက် ဂရုစိုက်သင့်သည်။ 

ဒါပေသိ မေက လွန်ကို လွန်လွန်းသည်။ အပြင်သွားပြီဟေ့ဆို ကျော့လို့ မော့လို့ ။ အပြင်မပြောနဲ့ အောက်ဆင်း ဖုန်းပြောတာ အနီးအနား သွားတာကိုပင် မိတ်ကပ်လေး လိမ်းလိုက်သေးသည်။ ဒါကြော့င်လည်း ကွာတယ်ထင်ပါသည်။

ရည်စားတွေ မကြာခဏ မေက ပြောင်းခဲ့ပေမယ့် သူမက အခုချိန်ထိတိုင် ယင်ဖိုပင် မသန်းဖူးသေး။ သူမ စိတ်လည်း မဝင်စား။

“ အေး မင်း အပျိုကြီး လုပ်မှလား ” “ အပျိုကြီး လုပ်မယ်ဆိုလည်း ရည်စားလေး ဘာလေးတော့ အရွယ်မလွန်ခင် ထားပေါ့ကွ ”မေက သူမကို ရိသလို လှောင်သလို မကြာခဏ ပြောတတ်သည်။ မေ ထင်သလိုလည်း အေး အဲလောက်ထိ မဟုတ်ပါဘူး။ နယ်မှာ ကျောင်းသူဘဝတုန်းက သူမကို ကြိုက်ခဲ့တဲ့သူ ရှိခဲ့ဖူးပါရဲ့။ သူမ ပြန်မကြိုက်လို့ ရည်စားတွေ မဖြစ်ခဲ့ကြတာ။

တစ်ခါတစ်လေကျတော့လည်း မေ ပြောသလို ရည်စားလေးတစ်ယောက်လောက် ထားချင်တာကို သူမ ဝန်ခံပါသည်။ ကံဆိုးတာလား ဖူးစာရေးနတ်ပဲ ကုန်တော့သည်လား မသိ သူမ ရန်ကုန်ရောက်ပြီး အခုချိန်ထိ ဘယ်ယောက်ျားလေးတစ်ယောက်၏ ယောင်ပြီး ရည်စားစကား ပြောခြင်းကို မခံခဲ့ရပေ။
မေ ထွက်သွားပြီးနောက် သူမ တစ်ယောက် မေနဲ့သူမ ကွာခြားပုံကို ဟိုတွေး သည်တွေး လုပ်နေမိသည်။ သူမအကြောင်း ပြန်တွေးကြည့်ရင် ဘာမှ မဟုတ်။ အဲ မေ့ အကြောင်းတွေးမယ် ဆိုရင်တော့ ပြောလို့တွေးလို့ပင် ပြီးတော့မှာ မဟုတ်ပေ။

အတွေးများကို ဖြတ်ပြီး ထမင်းစားဖို့ ထမင်းပေါင်းအိုးကို တည်လိုက်သည်။ ကြက်ဥနှစ်လုံး ကို ခရမ်းချဉ်သီးလေးဖြင့် မွေကြော်ကြော်လိုက်သည်။ မေတစ်လုံး သူမ တစ်လုံးပေါ့။ ဖြစ်သလို သူမ စားသည်။ မေကလည်း အစားအသောက် သိပ်မမက် ဂျေးမများ။ အဲသည်တစ်ခုကိုတော့ မေကို သူမ ချီးကျူးသည်။ မစားနိုင်သည်လည်း မဟုတ်။ နောက်ပြီး မေသည် ထမင်း ဟင်းလည်း သူမထက် ကောင်းအောင် ချက်ပြုတ်တတ်သည်။ သူ ချက်ရတာက နည်းနည်းပင် ဖြစ်သည်။

“ နေစမ်းပါ အေးရယ်။ မင်းအလုပ်က ပင်ပန်းရသေး။ ငါပဲ ချက်မယ် ”
မေက အဲသလိုမျိုး ချစ်စရာ ကောင်းသည်။ မနက်ခင်းမှာပင် သူမအတွက် တကူးတက အိပ်ရထပြီး ထမင်း ချက်ပေးတတ်သည်။ မေကိုယ်တိုင်က မနက်စာ စားတယ်ဆိုရုံ စားပြီး ထမင်းချိုင့်လည်း ယူသွားလေ့ မရှိသူ။
“ မေရယ် ထမင်းချက်ထားတဲ့ အတူတူ ထည့်သွားမှပေါ့ ”
“ အော် အေးကလည်း ရှုပ်ရှုပ် ရှပ်ရှပ်။ ထမင်းချိုင့်ယူသွားရင် အလုပ်ရှုပ်ရုံပဲ။ ကားဆီးရတာ ကျပ်ကျပ် ခြင်းက တစ်ဖက်နဲ့ အို စိတ်ဆင်းရဲ ပါတယ်။ ရုံးကျမှ ထမင်းဖြူလေးဝယ် သူများတွေဆီက ဟင်းယူစား ဘယ်လောက် အဆင့်သင့်လိုက်သလဲ ဟင်း ဟင်း ..”
မေက အဲလို ကောင်မလေးမျိုး။ မိန်းကလေး ပီသသော မေရဲ့ ယောက်ျားလေး စရိုက် ဖြစ်သည်။
“ အေး သိလား မေ့ဆို အားလုံးက ထမင်းဖြူတောင် ဝယ်ခိုင်းတာ မဟုတ်ဘူး။ နယ်ကဆိုပြီး ဂရုဏာသက်ကျသေး ဟင်းလည်း မျိုးစုံး စားရတယ်။”
အင်းလေ သူ့အကျိုးပေးနဲ့ သူပဲ ဖြစ်ပါလိမ့်မယ်။ သူမနဲ့တော့ အကွာကြီး။ သူမတို့ အလုပ်မှာ လုပ်နေသူတွေက သူမလိုပဲ သူမသာ ကိုယ်မသာ မတိမ်းမယိမ်း ရှိကြသူတွေ ဖြစ်သည်။ ဟင်းကောင်းကောင်း ချက်လာသူဆိုတာ ခပ်ရှားရှား။ 

ကြက်ဥကြော်ပြီး လက်ဖက်လေး သုပ်လိုက်သည်။ နောက် အေးလည်း ရေချိုးလိုက်သည်။ တစ်နေ့တာလုံးမှာ ဇိမ်အရှိဆုံးသော အချိန်သည် သူမအတွက် ရေချိုးတဲ့ အချိန်ပဲ ဖြစ်လိမ့်မည်။ တစ်ကိုယ်လုံးကို လန်းဆန်းသွားတာပဲ။ စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေ အားလုံး ရေချိုးပြီး ပြေပျောက် ကုန်သည်။

ကိုယ့်မျက်နှာလေးကို သူမ မှန်ထဲ ကြည့်နေမိသည်။သူမလည်း ရုပ်အဆိုးကြီး မဟုတ်ပါလား ဆိုပြီးတွေးမိသည်။ ကြည့်ပျော်ရှုပျော်တော့ ရှိသည်။ မေ့ ပစ္စည်းတွေ တစ်ခုပြီး တစ်ခု ကြည့်မိသည်။ ဘာလိမ်းရင် ကောင်းမလဲ ရွေးမိသည်။ မေလို ဘာပြီးဘာ လိမ်းရမည်ကိုပင် မသိသည်အထိ ပစ္စည်းတွေနဲ့ သူမ ဝေးကွာလွန်းသည်။ လိမ်နေကျ ရှင်မတောင် သနပ်ခါးလေးပဲ သွေးကာ လိမ်းလိုက်သည်။

အခုချိန်ထိ မေ ပြန်မရောက်သေး။ ရှစ်နာရီ ထိုးနေပြီ။ မေ့ကို မစောင့်တော့ပဲ ထမင်းစားလိုက်သည်။ ကြက်ဥ တစ်ယောက်တစ်ခု လက်ဖက်သုပ် တစ်ယောက်တစ်ဝက် ခွဲထားလိုက်သည်။ ချန်လို့သာ ချန်၇တာ မေက သူ့ကောင်လေး ယောက်ျားလေး မိတ်ဆွေတွေ လာတဲ့ ရက်ဆို ထမင်းမစားတာ များသည်။ ဒါပေမယ့် ချန်ထားလိုက်သည်။ ထမင်းစားပြီး မပြီးသေးသော ဝတ္ထုကို ဖတ်ရင်း မေ့ကို စောင့်နေသည်။

“ ရွှတ် အား မေးလိုက်တာကွာ ”
သူမ ပါးပြင်ကို မေက နမ်းလိုက်မှ ခဏအိပ်ပျော်သွားရာမှ လန့်နိုးလာသည်။ အဲဒီ မေကလေ အမြဲ အလန့်တကြား။
“ အာ မေ ဘာလုပ်တာလဲ သွားပါပြီ သနပ်ခါးတွေ ပျက်ကုန်ပါပြီ ”
“ ချစ်လို့ မွေးလွန်းလို့ပါ အေးကလည်း ”
သူမ စိတ်မဆိုးပါ။ မကြာခဏ မေ သူမ ပါးကို နမ်းနေကျ။
“ မေ့ကို စောင့်ရင်း အိပ်ပျော်သွားတာ ဘယ်သူလဲ မေ အာကာလား ”
“ အင်း ဟုတ်တယ်။ ”
“ ထမင်းစာလေ ”
“ မစာတော့ဘူး အေးရေ စားခဲ့ပြီးပြီ ”
“ အင်းပေါ့လေ ကျွေးမယ့်မွေးမယ့်သူများ အများသားဆိုတော့ ကြက်ဥ လက်ဖက်ကို ဘယ် စားပါ့မလားလေ ”
မေကို မျက်စောင်းလေးထိုးပြီး အေး ပြောလိုက်သည်။  ဟုတ်တယ်လေ သည်လိုမှန်း သိရင် အကုန်စားပစ်လိုက်ပါရဲ့။
“ ဟား ဟား ဟား အေးက စိတ်ဆိုးတယ်ပေါ့။ ကိုယ်လည်း သူ့ကို ပြောပါတယ်။ မစားချင်ပါဘူး မစားချင်ပါဘူး အေးက ဟင်းချက်ထားမှာ အေး လက်ရာလေးပဲ စားချင်တာ…..”
“ ကဲ တော်ပါတော့ ဘယ်လို ဖြစ်နေတာလဲ ”
သူမ ပြောတာကို မေက ပြန်ခနဲ့နေသည်။ အစောက အိပ်ချင်သော စိတ်ပင် ဘယ်ရောက်သွားလဲ မသိ။ မေနဲ့ တစ်ခန်းတည်း နေရသည်မှာ သူမ အတွက် ကံကောင်းသည်။ မေသည် ချစ်စ၇ာ ခင်စရာ ကောင်းလွန်းလှသည်။
“ကဲ အိပ်တော့မယ် အေးရေ။ မနက်လည်း အလုပ်မသွားခင် လာခဲ့ဦးမယ်တဲ့ကွာ အဲဒီ အာကာ ဆိုတဲ့ ကောင်က တော်တော်ဆိုးတာပဲ ”
“ မေကလည်း လာစေချင်တာ မဟုတ်ဘူးလား ”
“ ဟဲ ဟဲ အိပ်ပြီ အိပ်ပြီ ” ဆိုပြီး သူမပါးကို နောက်ထပ်တစ်ခါ နမ်းကာ မေသည် စောင်ခြုံအိပ်သွားသည်။
“ အင်းပါ သူများပါးကို အားမနာတမ်း နမ်းပါနော် မေ ဝဋ်လည်ပါလိမ့်မယ်။ ”
သူမ ပြောတာကို မေ ကြားလည်း ဘာမှ ပြန်မပြောတော့ပေ။ သူမလည်း ဘုရားရှစ်ခိုး ပုတီးစိပ်ကာ အိပ်ရာ ဝင်လိုက်သည်။

မေလို ဘဝမျိုးလေးကို သူမ တောင့်တမိသည်။ ဘာမှ သိပ်ပူပင်စရာ မရှိ။ စားဝတ်နေရေး အတွက် ဘာတစ်ခုမှ မပူပင် မကြောင့်ကြရ။ ပိုက်ဆံဆိုလည်း ပိုပိုလျှံလျှံ သုံးနိုင်သည်။ အားလုံးနဲ့လည်း သင့်တင့်အောင် ပေါင်းသင်ဆက်ဆံတတ်သည်။ စကားကို ဖောင်ဖွဲ့ကာ တီတီတာတာ ပြောဖော် ရည်းစားက ရှိလိုက်သေးသည်။ တစ်ခုတော့ ရှိသည်။ မေသည် ဘာမှ သိပ်ပြီး အလေးအနက်အထားတဲ့ အကျင့် ရှိသည်။ ရည်းစားကလည်း အခု တွဲလိုက် အခုပြတ်လိုက်နဲ့။ အဲလို ဖြစ်တိုင်း မရွှေချောက ဘာမှ မဖြစ် ပူးဆွေးဝမ်းနည်းခြင်း လွမ်းဆွတ်တမ်းတခြင်းလည်း မရှိ။
 
“ မေ နင် အဲလို တစ်ယောက်ယောက်နဲ့ ပြတ်သွား၇င် နင် ဘာမှ မခံစားရဘူးလား ”
“ ဘာကို ခံစားရမှာလဲ။ ငါမှ သုတို့ကို မချစ်တာ ”
“ ဟယ် နင့်ဟာက ဘယ်လိုကြီးလဲ မချစ်ပဲနဲ့များ ဘာလို့ တွဲနေရတာလဲ ”
“ အေးကို ရှင်းပြရင် အရှည်ကြီးပဲ ဒီတော့ တိုတိုပဲ ပြောမယ်ကွာ။ အချစ်မလိုဘူး အေးရဲ့။ သူတို့နဲ့ လျှောက်သွားတယ်။ ရုပ်ရှင်ကြည့်မယ်။ ကန်ဘောင်သွားမယ်။ အတူအတူ စားကြမယ်။ ဒါပဲလ။ နင်ကလဲ ပျော်စရာ ကောင်းတယ်ဟ။ စိတ်ညစ်ရတဲ့ အခါလည်း ရှိတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် အချိန်ကုန်တာပေါ့။ ”
“ မေရယ် အဲလိုမျိုးကြီးတော့ မကောင်းပါဘူး။ နင်က မိန်းကလေး နင်ပဲ … ”
“ ကျေးဇူုးတင်ပါတယ် အေးရယ်။ စိတ်မပူပါနဲ့ဟာ ဘာမှ မဖြစ်ပါဘူး ”
မေ့ ခံယူချက်သည် နားလည်ရတော့ ခက်သည်။ စိုး၇ိမ်ပူပန်လို့ သူမက ပြောတော့လည်း မေသည် ဘာမှ ဆင်ဆင်ခြင်ခြင် မရှိပဲ အရင်လို အရင်တိုင်းပဲ ပြုမူနေထိုင်သည်။ အခုတွဲနေတဲ့ အာကာကျော်နဲ့ ဘာနေ့မှာ ကွဲကြဦးမလဲ မသိ။ 

          ညနေတိုင်း အဆောင်ရှေ့မှာ သူ့ကောင်လေးနဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားတွေ ကြည်ကြည်နူးနူး ပြောကြသည်။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ကာ သွားလာကြသည်။ ရုံးပိတ်ရက်ဆို မေ့အတွက် အလုပ်ရှုပ်သော ရက်ပင် ဖြစ်သည်။ မနက်မိုးလင်းမှ ထွက်ပြီး ညနေမိုးချုပ်မှ ပြန်လာသည်။

သူမကတော့ ဘယ်နေရာမှကိုမှ မသွားဖြစ်ပဲ အဆောင်မှာတင် နေသည်။ အဝတ်လျှော် စာဖတ် ဒီလိုနဲ့ အချိန်ကုန်လေ့ရှိသည်။ မနက်လင်း အလုပ်သွား။ ညနေအလုပ်က ပြန်။ စာဖတ်သည် အိပ်သည်။တကယ်တမ်း ပြန်တွေးကြည်မိတော့ သူမဘဝက ပျင်းစ၇ာ ငြီးငွေ့စရာ ကောင်းသားပါလား။  အလုပ်မှာရှိသော သူငယ်ချင်း တစ်ချို့ဆို အလုပ် အသွားအပြန် ကြိုပို့မယ်သူများ ရှိကြသည်။ သူမမှာ ကြိုမယ့်သူလည်း မရှိသလို ပို့မယ့်သူလည်း မရှိခဲ့ဖူးပေ။ 

          ဘာပဲဖြစ်ဖြစ် အတွဲလေးတွေကို မြင်ရတိုင်း သူမ ကြည်နူးမိသည်။ ပျော်စ၇ာကောင်းမှာကို သူမ စဉ်းစားမိသည်။ ရုံးပိတ်ရက်တို့များ တစ်မြို့လုံး လျှောက်လည်ကြပြီး ပျော်ရွင် ကြည်နူးမှု့ အရာသာလေးကို သူမလည်း လိုချင်သား။ မေ ပြောသလို ကောင်လေးတစ်ယောက်တော့ ထားသင့် သည်လည်း ထင်မိသည်။ အနည်းဆုံး အချိန်ကုန်တာပေါ့လေ။ 

        သူမ အိပ်မပျော်မီ တစ်ဦးတစ်ယောက်ကို တစ်ခုခု  ပြောမိသလိုပဲ  သူမကိုယ်သူမ ပြန် သတိထားမိသည်။
ရည်စားလေးတစ်ယောက်တော့ ရရင် ကောင်းမှာပဲ။

အပိုင်း (၂) အား ဆက်လက် ဖော်ပြပါမည်....

No comments:

Post a Comment